ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး နိုင်ငံတကာနှင့် အဓိကဆက်သွယ်ကူးသန်းရာ နိုင်ငံ၏မျက်နှာစာလည်း ဖြစ်သည့်အလျောက် မြင်သမျှ ရှုခင်း၊ မြင်ကွင်းတို့ သန့်ရှင်းသပ်ရပ်လှပတင့်တယ်နေဖို့လိုသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့ကိုသန့်ရှင်းပြီး စိမ်းလန်းစိုပြည်သော၊ သစ်လွင်တောက်ပ၍ ခေတ်မီသောမြို့တော် (Clean, Green, Bright and Smart City) ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့၏ ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီကာလတွင် လမ်းများ၊ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်ရေးမှာ အရေးပါသည့်အလျောက် မြို့နယ်များအလိုက် တည်ရှိနေသည့် မြောင်းများ၊ ချောင်းများ၊ မြစ်ထွက်ပေါက်များတွင် စွန့်ပစ်ရေများ ကောင်းမွန်စွာစီးဆင်းနိုင်ပြီး စနစ်တကျစွန့်ထုတ်နိုင်ရန်လိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း (လူ ခုနစ်သန်းကျော်) နေထိုင်သည့်အနက် ရာခိုင်နှုန်း ၇၀ နီးနီးမှာ မြို့ပေါ်တွင်နေထိုင်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့ပြ သန့်ရှင်းရေး၊ သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး စသည်တို့တွင် မြို့နေပြည်သူလူထု၏ စည်းကမ်းရှိမှုနှင့် ပူးပေါင်းပါဝင်မှုတို့မှာ လွန်စွာအရေးကြီးသည်။
မိမိတို့နိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူဦးရေများပြားသည်နှင့်အမျှ နေ့စဉ်အမှိုက်စွန့်ပစ်မှုမှာလည်း သိသိသာသာများပြားလျက်ရှိပြီး အနာဂတ်တွင် ပိုမိုများပြားလာမည်ဖြစ်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရေရှည်မြော်တွေး ကြိုတင်ပြင်ဆင်ထားရန်လိုသည်။ နယ်သာလန်အင်တာပရိုက်ဆာ အေဂျင်စီ၏ ၂၀၁၇ ခုနှစ်က အစီရင်ခံစာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးက စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့် ထွက်ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် လူတစ်ဦးတစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၈ ကီလိုဂရမ်ထွက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လူတစ်ဦးတစ်ရက်လျှင် စွန့်ပစ်ပစ္စည်းတစ်ကီလိုဂရမ်ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ မိမိတို့နေ့စဉ်သုံးစွဲမှုများမှ ထွက်လာသည့် စွန့်ပစ်ပစ္စည်း အမှိုက်မျိုးစုံတို့ကို လူတိုင်း၊ မိသားစုတိုင်းကတာဝန်ယူ၍ စနစ်တကျစွန့်ပစ်ကြရန်၊ ရေစီးရေလာစနစ်များ၊ မြောင်းများ၊ ချောင်းများ၊ မြစ်များသို့ အလွယ်တကူမစွန့်ပစ်ကြရန် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မှာကြားရာတွင် - “ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ အမှိုက်များအား သတ်မှတ်နေရာများ၌သာ စွန့်ပစ်စေရေးနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရေး ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကောင်းမွန်စွာစီးဆင်းမှုမရှိသည့် ချောင်းများ၊ မြောင်းများအတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူလူထု၏ ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်မြို့သည် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် မြစ်ချောင်းများ ဝန်းရံနေပြီး မြို့နယ်အများစု၏ မြေပြင်အနေအထားမှာ ရေဆင်းကောင်းမွန်မှုမရှိသော အနေအထားဖြစ်သည်။ ရန်ကုန်အနောက်ပိုင်းတွင် လှိုင်မြစ်နှင့် ဆက်စပ်နေသည့် မြို့နယ်ကိုးမြို့နယ်မှ စွန့်ပစ်ရေများကို ချောင်း ၂၂ ချောင်းဖြင့် လှိုင်မြစ်အတွင်းသို့လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတွင် ငမိုးရိပ်ချောင်းနှင့် ဆက်စပ်နေသည့် မြို့နယ်ရှစ်မြို့နယ်မှ စွန့်ပစ်ရေများကို ချောင်းပေါင်း ၂၀ ဖြင့် ငမိုးရိပ်ချောင်းအတွင်းသို့ လည်းကောင်းစီးဆင်းစေလျက်ရှိရာလမ်းများ၊ ရပ်ကွက်များ ရေကြီး ရေလျှံမှုမဖြစ်စေရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုက အရေးကြီးသည့်အလျောက် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ မြောင်းများ၊ ချောင်းများပိတ်ဆို့မှုမရှိရေး တစ်ဦးချင်းက မိမိကိုယ်ကို တာဝန်ယူမှုဖြင့် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
