နေပြည်တော် ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီမှ တွဲဖက်အတွင်းရေးမှူး (၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂)၊ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်မှုအား လေ့လာရန် ရောက်ရှိလာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ Office of Assistant Commissioner General မှ Pol.Lt. Gen. Jirabhop Bhuridej နှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ ကြိုဆိုကြသည်။
နံနက် ၈ နာရီတွင် မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့တို့သည် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှ KK Park နယ်မြေသို့ ထွက်ခွာခဲ့ပြီး KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများ ဖြိုချဖျက်ဆီးထားမှုများကို ကြည့်ရှုစစ်ဆေးကာ မြဝတီမြို့သို့ ပြန်လည်ထွက်ခွာကြသည်။
မွန်းလွဲပိုင်းတွင် မြဝတီမြို့မှ ရွှေကုက္ကိုလ်နယ်မြေသို့ ဆက်လက်ထွက်ခွာကြပြီး တရားမဝင်နိုင်ငံခြားသားများထားရှိရာ အဆောက်အအုံများနှင့် မိုင်းခွဲဖျက်ဆီးထားသော ရထိုက်ကုမ္ပဏီပိုင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှု၍ ရွှေကုက္ကိုလ်မှ မြဝတီမြို့သို့ ပြန်လည်ထွက်ခွာရာ မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးသို့ ရောက်ရှိပြီး ယင်းနေရာတွင် ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသားများကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် သုံးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားအစည်းအဝေးခန်းမ၌ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြကာ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
