Skip to main content

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၅ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများမရှိစေရေး ဆက်လက်ရှာဖွေစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေ အတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်သုံးထပ်အဆောက်အအုံ နှစ်လုံး၊ နှစ်ထပ်အဆောက်အအုံ ၁၃ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၅ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၄၄ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေ များ၌ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ- ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၄၅ ဦး၊ ယူဂန်ဒါနိုင်ငံသား ၃၉ ဦး၊ သီရိ လင်္ကာနိုင်ငံသား ၂၅ ဦး၊ ဘူရွန်ဒီ နိုင်ငံသားခြောက်ဦး၊ ရဝမ်ဒါနိုင်ငံသား သုံးဦး၊ ဆီးရီးယားလီယွန်နိုင်ငံသားသုံးဦး၊ ကင်မရွန်းနိုင်ငံသားနှစ်ဦး၊ မွန်ဂိုလီးယားနိုင်ငံသားတစ်ဦး၊ မော်ရိုကိုနိုင်ငံသားတစ်ဦး၊ ကင်ညာနိုင်ငံသားတစ်ဦး၊ အီဂျစ်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၁၂၇ ဦးတို့အား မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် တရားမဝင်ပြည်ပ နိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန် လိုင်းလိမ်လည် လောင်းကစား မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း ငါးထပ်အဆောက် အအုံလေးလုံးထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တရားမဝင်နိုင်ငံသားများ တွေ့ရှိ ခြင်းမရှိကြောင်း သိရသည်။

ယင်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်း မရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်