စစ်တွေ ဒီဇင်ဘာ ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ချီးမြှင့်ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးတက်ရောက်၍ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ အမှတ်(၄) ရဲကွပ်ကဲမှု အဖွဲ့မှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များအားလုံးကို အသိမှတ်ပြုပါကြောင်း၊ ထို့အတူ တပ်ဖွဲ့ဝင်များ၏ နိုင်ငံအပေါ်ထားရှိသည့် စေတနာနှင့် စိတ်ဓာတ်ကို အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍လည်း ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဖြူစင်သောစေတနာနှင့်စိတ်ဓာတ်ကိုအရင်းခံ၍ ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ယခင်ကထက် ပိုမိုအားထုတ်ကြိုးပမ်းကာ တာဝန်များကို ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမှုဆောင်ချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမှုဆောင်ချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြကာ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ပူဇော်ခံထားရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအား အများပြည်သူ အေးချမ်းစွာဖူးမြော်နိုင်ရန်၊ ပင်လယ်ဆားငန်ရေဒဏ်နှင့် သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်နိုင်ရန်အတွက် အလျား ၂၇ ပေ ၁၁ လက်မ၊ အနံ ၂၁ ပေ ၉ လက်မနှင့် အမြင့် ၁၅ ပေဖြင့် Steel Structure မှန်ကျောင်းဆောင် နှစ်ဆောင်ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇ မုနိဆင်းတုတော်နှစ်ဆူအား ဖူးမြော်ကြည်ညိုကြပြီး စေတီတော်ကြီးရင်ပြင်တော်တွင် နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် အမှုဆောင်ချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့ အလိုတော်ပြည့်ကျောင်းရှေ့မှဝင်ရောက်သည့် မြေသားလမ်းအရှည်ပေ ၁၅၈၀ ဖောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် အမှုဆောင်ချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီးမြေသား လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သတင်းစဉ်
