နေပြည်တော် ဒီဇင်ဘာ ၂၁
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၁၈ ရက်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည့် EV Training of Trainers (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးနှင့် ခေတ်မီ Smart City များကို ဖော်ဆောင်နိုင်ရေးအတွက် EV နည်းပညာရှင်လိုအပ်ချက်သည် မြင့်တက်လာကြောင်း၊ နိုင်ငံ့ EV နည်းပညာရှင်လိုအပ်ချက်ကို စဉ်ဆက်မပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းများဖွင့်လှစ်၍ သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆင်းများအနေဖြင့် EV နည်းပညာအရွေ့နှင့်အညီ အမီလိုက်ပါနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်လေ့လာကြရမည်ဖြစ်ပြီး နိုင်ငံ၏ EV ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ဝန်ကြီးဌာနများနှင့် ပြင်ပ EV ကုမ္ပဏီများမှ သင်တန်းသားစုစုပေါင်း ၂၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလခြောက်ပတ်အတွင်း လက်တွေ့လုပ်ငန်းများကို အဆင့်မြင့် သင်ထောက်ကူမော်ကျူးများအသုံးပြု၍ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်
