Skip to main content

ရာသီတုပ်ကွေးကူးစက်မှုမှ ကြိုတင်ကာကွယ်ဆင်ခြင်နေထိုင်

ဆောင်းရာသီ အပူချိန်ကျဆင်းပြီး အေးမြသည့်ကာလတွင် ကူးစက်ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ကြေညာထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအစီရင်ခံစာတွင်ပါရှိသည့် ရာသီတုပ်ကွေးရောဂါပိုး Influenza A (H3N2) Subclade K နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးကြောင်းနှင့် တွေ့ရှိလာလျှင်လည်း အထူးစိုးရိမ်ရန်မလိုကြောင်း အဆိုပါသတင်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ရာသီတုပ်ကွေးရောဂါပိုး H3N2 ဗိုင်းရပ်စ်ကူးစက်မှုသည် နှစ်စဉ် မုတ်သုံရာသီနှင့် ဆောင်းရာသီတို့တွင် ပုံမှန်အားဖြင့် မြင့်တက်နေကျဖြစ်သည်။ မိုးရာသီတွင် စိုထိုင်းဆမြင့်မားမှုနှင့် မိသားစုဝင်များ အိမ်တွင်းထိတွေ့မှုများခြင်းတို့က ရောဂါပျံ့နှံ့မှုကို အားပေးသည်။ ဆောင်းရာသီတွင် အပူချိန်ကျဆင်း အေးမြခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ခုခံအားကို ကျဆင်းအားနည်းစေကာ ဗိုင်းရပ်စ်ကူးစက်မှု လွယ်ကူစေသည်။ ဗိုင်းရပ်စ်၏သဘာဝအရ ရာသီတိုင်းတွင် အနည်းငယ်ပြောင်းလဲ တတ်ခြင်းကြောင့် ပြီးခဲ့သည့်နှစ်က တုပ်ကွေးဖြစ်ဖူးသူသည် ယခုနှစ်တွင်လည်း ကူးစက်နိုင်ခြေ ရှိသည်သာဖြစ်သည်။

ရာသီတုပ်ကွေး H3N2 Influenza A ကူးစက်ခံရပါ အဖျားကြီးခြင်း၊ ခန္ဓာကိုယ်ပြင်းထန်စွာ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယို/နှာပိတ်ခြင်း၊ ဆက်တိုက်ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်း၊ အားနည်းခြင်း/နွမ်းနယ်ခြင်း၊ အစာမစားချင်ခြင်း လက္ခဏာများကို အများဆုံးတွေ့ရပြီး သာမန်အအေးမိခြင်းထက် ပြင်းထန်သည်။ ရာသီတုပ်ကွေး H3N2 သည် သာမန်အအေးမိဖျားနာခြင်းနှင့် နှိုင်းယှဉ်ပါက နေကောင်းနေသည့်အခြေအနေမှ ရုတ်တရက် စတင်ဖျားနာလာပြီး အဖျားသိသာစွာမြင့်တက်လာခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှု၊ ပင်ပန်းနွမ်းနယ်မှုတို့ပြင်းထန်ခြင်း၊ ချောင်းဆိုးပိုကြာခြင်း စသည့်ကွာခြားချက်များ တွေ့ရှိနိုင်သည်။

H3N2 Influenza A Virus သည် လေထုမှတစ်ဆင့် ကူးစက်နိုင်သည်။ ရောဂါပိုးရှိနေသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောဆိုခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့မှ ထွက်လာသည့် အသက်ရှူလမ်းကြောင်းမှ အမှုန်အမွှားများသည် လေထုထဲသို့ ရောက်ရှိသွားပြီး အခြားသူတစ်ဦး၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့မှတစ်ဆင့် ဝင်ရောက်ကူးစက်နိုင်သည်။ ထို့အပြင် မျက်နှာပြင် များမှလည်း ကူးစက်နိုင်ရာ ရာသီတုပ်ကွေးရောဂါပိုးများ တစ်နည်းနည်းဖြင့် ကျရောက် ပေကျံနေသည့် လှေကားလက်ရန်း၊ တံခါးလက်ကိုင်၊ စားပွဲမျက်နှာပြင်များ၊ ကွန်ပျူတာခလုတ်၊ ဖုန်းမျက်နှာပြင်စသည်တို့ကို ထိတွေ့ကိုင်တွယ်မိပြီး မသန့်ရှင်းသောလက်ဖြင့် မျက်လုံး၊ နှာခေါင်းစသည်တို့ကို ပွတ်သပ်မိရာမှ ရောဂါကူးစက်နိုင်ခြင်းဖြစ်သည်။ ရာသီတုပ်ကွေးသည် ရုတ်တရက်ဖြစ်ပြီး ကူးစက်မြန်ဆန်ခြင်းကြောင့် ကျောင်း၊ အလုပ်ရုံ၊ လုပ်ငန်းခွင်၊ ဘတ်စ်ကား စသည်ဖြင့် လူစုလူဝေး အနီးကပ်ထိတွေ့မှုများအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။

ရာသီတုပ်ကွေးသည် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းစွာ နေထိုင်ခြင်း၊ အာဟာရ ပြည့်ဝစွာ စားသုံးခြင်း၊ လုံလောက်စွာအိပ်စက်အနားယူခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ပြုလုပ်ခြင်း၊ လေကောင်းလေသန့် ရရှိအောင် နေထိုင်ခြင်း၊ လူထူထပ်သည့် နေရာများကို ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားသူမှ အခြားသူများထံ ကူးစက်မှု မဖြစ်အောင် ဂရုပြုနေထိုင်စေခြင်းစသည်ဖြင့် ကာကွယ်ကြရန် ကျန်းမာရေးပညာရှင်များက နည်းလမ်းညွှန်ပြထားသည်။

ရာသီတုပ်ကွေးဖြစ်ပွားပါက ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားနေရသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါသည်များအား နီးစပ်ရာဆေးရုံဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ဆောလျင်စွာ ပြသ၍ စနစ်တကျကုသမှုခံယူကြရပါမည့်အကြောင်း။ ။