Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒက္ခိဏသီရိမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံးဆည်အုပ်စု ကျေးစာဥကျေးရွာသို့ သွားရောက်ပြီး ကျေးရွာမှ အင်းနီကန်သို့သွားသော လမ်းအား ရာသီမရွေးသွားလာနိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးသမဝါယမအသင်းများဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ မြစိမ်းရောင် (သမဝါယမ) ရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများပံ့ပိုးပေးနေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်စိုက်နည်းစနစ်များ မှန်ကန်အောင်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ပေ ၂၂၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရဲဒိကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ကျေးရွာပတ်လမ်းအရှည် လေးဖာလုံ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာအုပ်စု ပေါက်တောကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများ၏ ကျေးရွာတွင်းလမ်းရှစ်လမ်းအား အဆင့်မြှင့်တင်ပေးရန် တင်ပြချက်နှင့်စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အမှတ် (၇) နှင့် အမှတ် (၈) ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်လမ်းများအား ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်