Skip to main content

ခေတ်သစ်ကိုလိုနီဝါဒအောက်တွင် လွတ်လပ်ရေးမပျောက်ဆုံးအောင်ကာကွယ်

ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၈ ခုနှစ်ဆန်းစအချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုခေတ်ကာလ ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကျယ်မှာ ရာစုနှစ်နှင့်ချီ၍ တည်ရှိခဲ့သော ကိုလိုနီအင်ပါယာများချုပ်ငြိမ်းပြီး လွတ်လပ်သောအမျိုးသားနိုင်ငံများ ပေါ်ထွန်းလျက်ရှိခြင်းနှင့် ကမ္ဘာပေါ်တွင် အယူဝါဒချင်း ဆန့်ကျင်သောအုပ်စုကြီးနှစ်စု အားပြိုင်မှုစတင်လာခြင်းဖြစ်သည်။ စစ်ပြီးကာလ ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါသည့်အချက်မှာ နိုင်ငံတကာရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရန် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော ကုလသမဂ္ဂဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ကြီးကို အဖွဲ့ဝင်နိုင်ငံများအားလုံး အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိရေး၊ နိုင်ငံချင်းချင်းအငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံရေးလွတ်လပ်မှုကိုခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းမပြုရေး၊ နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးဟူ‌သော အခြေခံမူလေးချက်အပေါ်တွင် ဖွဲ့စည်းထားခြင်းဖြစ်ရာ ၁၉ ရာစုခေတ်က မိမိတို့နိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ခဲ့သလိုမျိုး စစ်အင်အားအသုံးပြု၍ နယ်မြေချဲ့ထွင်ရယူအုပ်ချုပ်ပုံမျိုးကို ကမ္ဘာ့အသိုင်းအဝိုင်းက လက်မခံ၊ ခွင့်မပြုတော့။ ၂၀ ရာစု ဒုတိယရာစုဝက်ကာလတွင် ကမ္ဘာ့ အင်အားကြီးနိုင်ငံများက ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံငယ် များကို နည်းလမ်းအမျိုးမျိုးဖြင့် ခြယ်လှယ်လာခဲ့ကြရာ ယင်းကိုကိုလိုနီလက်သစ်ဝါဒဟု ခေါ်ဆိုကြသည်။

ကိုလိုနီလက်သစ်ဝါဒတွင် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုတော့ဘဲ နိုင်ငံ‌ရေးအရ ဩဇာလွှမ်းမိုးမှု၊ စီးပွားရေးအရလည်း ငွေကြေးချေးငှားခြင်း၊ ကုန်သွယ်ခြင်းစသည့်နည်းလမ်းများဖြင့် ဩဇာလွှမ်းမိုးမှုစသည်တို့ဖြင့် သွယ်ဝိုက်ထိန်းချုပ်လာသည်။ အကူအညီပေးအပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်စသည့် စီးပွားရေးအရ မှီခိုအားထားမှုဖြစ်စေပြီး စီးပွားရေးအရ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အတားအဆီးပြုစေသည်။ အင်အားကြီးမားသည့် နိုင်ငံစုံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မျက်နှာသာပေးသည့်မူဝါဒများအရ ဈေးပေါသည့်လုပ်အားနှင့် အရင်းအမြစ်များကိုရရှိပြီး အကျိုးအမြတ်များရရှိသကဲ့သို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာအင်စတီ ကျူးရှင်းများကလည်း အင်အားကြီးနိုင်ငံများကို မျက်နှာသာပေး ထားကြသည်။ နောက်ဆုံးအချက်မှာ ယဉ်ကျေးမှုအရ ဩဇာလွှမ်းမိုးစေခြင်းဖြစ်သည်။ ၎င်းတို့၏ ယဉ်ကျေးမှုစံနှုန်းများကို လက်ခံလာစေပြီး မူလရှိရင်းယဉ်ကျေးမှု အစဉ်အလာဓလေ့ထုံးစံများကို စွန့်လွှတ်သွားစေခြင်းဖြစ်သည်။ သို့ဖြစ်ရာ သိမ်မွေ့သည့် ကိုလိုနီလက်သစ်ဝါဒအောက်တွင် နိုင်ငံနှင့်လူမျိုးတို့မှ မိမိတို့ကိုယ်တိုင်ပင်မသိလိုက်ဘဲ လွတ်လပ်ရေးဆုံးရှုံးသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုကြရန်လိုသည်။

၂၁ ရာစုတွင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရတိုက်ရိုက်ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုသည့်တိုင် မိမိနိုင်ငံပိုင်နက်နယ်မြေအတွင်း ကိုယ်စားစစ်ပွဲ(Proxy War) များ ဖန်တီးခြင်း၊ ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များအတွက် ပြည်တွင်းမငြိမ်မသက် ဖြစ်အောင် ဆောင်ရွက်ခြင်းစသည်တို့ ပြုလုပ်နေကြသည်ကို ဂရုပြု၍ကြည့်ပါက တွေ့မြင်နိုင်သည်။ အကြောင်းအရာတစ်ခုခုကို ခေါင်းစဉ်တပ်၍ နိုင်ငံသူနိုင်ငံသားများအတွင်း ပူးကပ်ဝင်ရောက် လှုံ့ဆော်ပြီး ဆူပူအုံကြွမှုများဖြစ်လာအောင် နောက်ကွယ်မှ ငွေကြေးပံ့ပိုးခြင်း၊ ကြွေးကြော်သံများချပေးခြင်း၊ လုပ်နည်းလုပ်ဟန်များ သတ်မှတ်ပေးခြင်း စသည်ဖြင့် ကြိုးကိုင်ကြကာ တစ်ဖက်မှ မီဒီယာနည်းလမ်းဖြင့် ဘေးတီးပေးခြင်းဖြစ်သည်။

ဘိုးဘွားမိဘတို့၏ အသက်သွေးချွေးများဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့သောလွတ်လပ်ရေးကို မျိုးဆက်သစ်များက ဆက်လက် ထိန်းသိမ်းကြရာတွင် ခေတ်သစ်ကိုလိုနီဝါဒ၏ ဝိသေသလက္ခဏာများကို နားလည်ကြရမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားတို့ကို ခိုင်မာစွာ တည်ဆောက်ကြရန်လိုသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိရန်အတွက် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူကုန်ထုတ် လုပ်မှုမြင့်မားအောင် ကြိုးပမ်းကြရန်၊ ကာကွယ်ရေးအင်အား ခိုင်မာတောင့်တင်းရန်အတွက် နိုင်ငံတော်၏တစ်ခုတည်းသော အခိုင်အမာအင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်အင်အားကြီးမားရေး ပြည်သူ့အားဖြင့် ပါဝင်ကူညီကြရန်ပင် ဖြစ်ပါကြောင်း။ ။