နေပြည်တော် ဒီဇင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုနယ်မြေ(တာဝန်ခံ) ဦးမျိုးလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်း မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့၌ မဲရုံများဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မဲရုံတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု မဲပေးရာတွင် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး၊ မဲရုံတွင် လိုအပ်ချက်များမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
