နေပြည်တော် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ့မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌လည်းကောင်း ပြုလုပ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Video Conference ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ် (၅) အောင်မင်္ဂလာရပ်ကွက် မဲရုံအမှတ် (၅) နှင့် အမှတ် (၂) အောင်မေတ္တာရပ်ကွက် မဲရုံအမှတ် (၁) တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်ခန်းမဆောင်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မဲပေးနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲစာရင်းကပ်ထားမှု၊ မဲပေးစက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မဲရုံတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
