နေပြည်တော် ဒီဇင်ဘာ ၃၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးမှုထူးချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးသင်တန်းထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောဦးစီး ဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် နိုင်ငံပိုင်စီးပွားရေး စိုက်ခင်းဧက ၈၁၆၀ အပါအဝင် သစ်တောစိုက်ခင်း စုစုပေါင်း ၁၃၉၈၆ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှုရှိမှသာ စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးပြီး အောင်မြင်သောသစ်တောစိုက်ခင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အလားတူသစ်တော သယံဇာတများ ထာဝစဉ်တည်တံ့စေရန်နှင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးအတွက် နည်းလမ်းရှစ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၂၂ ရက်အထိ တရားမဝင်သစ် ၄၀၈၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် တရားမဝင်သစ်ဖမ်းဆီးရေး လုပ်ငန်းများသည် သစ်တောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ တက်ရောက်ရာတွင် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး ကြိုးစားအားထုတ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းထူးချွန်ပထမဆု၊ တရားမဝင်သစ်ဖမ်းဆီးရရှိမှု ပထမဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် သင်တန်းသား သင်တန်းသူ စံပြဆုရသူများ၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အဆင့် ၁၊ အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ပထမဆုနှင့် ဘောလုံး ပြိုင်ပွဲ ပထမဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက ဒုတိယဆုရရှိသူများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အခြားထူးချွန်ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
