နေပြည်တော် ဇန်နဝါရီ ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် သစ်တောသုတေသနစခန်း အမှတ် ၅ မိုးစွေသို့သွားရောက်၍ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း အမှတ်စဉ် ၁၁၉ မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
ပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကြိုးဝိုင်း၊ ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်းများတည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ ရေဝေရေလဲနှင့် ဒီရေတောများထိန်းသိမ်းရေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပြင်ဦးလွင်ခရိုင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် နှစ်တိုနှစ်ရှည်လျာထားချက်များ၊ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ တရားမဝင်သစ်ထုတ်ယူမှု ကာကွယ်တားဆီးရေးအတွက်လည်း သက်ဆိုင်ရာဌာန၊ ပြည်သူလူထုနှင့်ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရမည့် သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို ကြိုးစားသင်ယူပြီး ကျရာနယ်ပယ်တွင် အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်နှင့် ပြည်သူလုထုကအားကိုးအားထားပြုထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်တိုက်တွန်းလိုကြောင်းပြောကြားပြီး သင်တန်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၂ ရှိ ၁၉၉၅ ခုနှစ် ကွက်လပ်ဖြည့် ကျွန်းစိုက်ခင်း ၃ ဒသမ ၅ ဧကအတွင်း ကျွန်းပင်များထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
သတင်းစဉ်
