Skip to main content

ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရွေးကောက်ပွဲများတွင် အားလုံးပါဝင်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကို ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ပါတီစုံဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။

ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယနေ့တွင် အပိုင်း (၂) ကို ကျင်းပပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပိုင်း (၃) ကို ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ပေါ်ပေါက်လာမည့် အစိုးရသစ်အား လက်ရှိတာဝန်ယူထားသည့် နိုင်ငံ့တာဝန်များကို မကြာမီကာလတွင် လွှဲပြောင်းပေးတော့မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်သည် ရွေးကောက်ပွဲများပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို လိုလားနှစ်သက်ကြသည့် တိုင်းရင်းသားပြည်သူများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးနှင့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်းလိုသည်။

ရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာကျင်းပခဲ့ရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ဖိအားတစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏လွတ်လပ်သော သဘောဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့မြင်ရသည်။ ထိုသို့ ပြည်သူများ ဆန္ဒမဲပေးနေမှုများကို နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ကွင်းဆင်းလေ့လာ အမှန်အတိုင်းတွေ့မြင်ခဲ့ကြပြီး အပြုသဘောဆောင်သည့်သုံးသပ်ချက်များဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်းကို မှတ်တမ်းတင်ခဲ့ကြသည်။ ပြည်တွင်းရှိ သတင်းမီဒီယာများနှင့် လေ့လာသုံးသပ်သူများကလည်း အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း လက်ခံအသိအမှတ်ပြုခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သမာသမတ်ကျသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် အောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) ထက် ပိုမိုကောင်းမွန်သောရလဒ်များပေါ်ထွက်အောင် အားလုံးပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ဆက်လက်၍ ရွေးကောက်ပွဲအပိုင်း (၃) ကို ပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ကျင်းပပြီးသောရွေးကောက်ပွဲတို့ကို ဆင်ခြင်သုံးသပ်သင်ခန်းစာယူကာ နိုင်ငံ့အကျိုးကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို အလေးထားသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာသည့် အတွေ့အကြုံများအရ သိရှိမှတ်သားထားကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေးကို မျက်မှောက်ကာလတွင် အလေးထားဆောင်ရွက်နေသလို ဒီမိုကရေစီအစိုးရကာလတွင်လည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည့်အပြင် နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးကို ပြည်တွင်းအားဖြင့်သာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း လက်တွဲဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်း၌သာမက နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ၌ပါ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါများ ကြွယ်ဝရန် မဖြစ်မနေလိုအပ်သည်။ တိုင်းရင်းသားအခွင့်အရေးများရရှိအောင် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းရင်းသားအခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နောင်ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ပညာရည်မြင့်မားရေးကို ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်၌ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ပြီး ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်တံ့ခိုင်မာအောင် တည်ဆောက်နိုင်ရန်အတွက် အခြေခံကျသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်အထမြောက်အောင် အားလုံးပူးပေါင်းပါဝင် လက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။