(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
ယနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကယားပြည်နယ်နေ့ဖြစ်ပါသည်။ ယခုကဲ့သို့ နေ့ထူးနေမြတ် အခါသမယတွင် ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စု ဖွား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
မိမိတို့နိုင်ငံ၏ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ လူထုတစ်ရပ်လုံး၏ ဆန္ဒဖြင့် ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ကယားပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ထိုနေ့ကို ကယားပြည်နယ်နေ့အဖြစ် အလေးအမြတ်ထား သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ကယားပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၄၅၃ဝ ကျော်ကျယ်ဝန်းပြီး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် လူဦးရေနှင့် ဧရိယာအကျယ်အဝန်း အနည်းဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ အခြားသောဒေသများနည်းတူ တောတောင်ရေမြေသဘာဝအလှတရားများနှင့်ပြည့်စုံခြင်း၊ မြေပေါ်မြေအောက် သဘာဝ သယံဇာတများ ပေါကြွယ်ဝခြင်းနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ရှင်သန်ခိုင်မာခြင်းများဖြင့်ပြည့်စုံသည့် ပြည်နယ်ဖြစ်ပါသည်။ ထိုမျှသာမက ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေခြင်း၊ ပွင့်လင်း ရိုးသားခြင်းနှင့် စိတ်ထားဖြူစင်အေးချမ်းခြင်းတို့ဖြင့် ကောင်းမြတ်သော စရိုက်လက္ခဏာများလည်းရှိပါသည်။ ကယားပြည်နယ်အတွင်း ကယားမျိုးနွယ်စု(၉)မျိုးတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းနေထိုင်လျက်ရှိပြီး ပြည်နယ်အကျိုးကိုလိုလားသော ဒေသခံတိုင်းရင်းသားပြည်သူတို့၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုကြောင့် ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုအဖြစ်လည်း ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းသော ပြည်နယ်ဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက ဥမကွဲသိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်ခဲ့ကြပါသည်။ သို့သော် နယ်ချဲ့လက်အောက်သို့ နှစ်ပေါင်း (၁၀၀)ကျော် ကျရောက်ခဲ့ပြီး စနစ်တကျ သွေးခွဲအုပ်ချုပ်မှုများကြောင့် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ကွဲပြားခြားနားသော အယူဝါဒများကိုစွဲကိုင်၍ အမျိုးမျိုးသောအဖွဲ့အစည်းများ၊ ဂိုဏ်းဂဏပါတီများကွဲခဲ့ကာ စည်းလုံးညီညွတ်မှုအားနည်းလာပြီး နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် ရွေးချယ်အကြမ်းဖက်ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်ပေါက်လာခဲ့ပြီး တိုက်ပွဲများယမ်းငွေ့များကြားတွင် ဒေသခံတိုင်းရင်းသားများအားလုံး တည်ငြိမ်အေးချမ်းမှုကင်းမဲ့စွာဖြင့် ဒုက္ခဆင်းရဲမျိုးစုံကြား ကာလကြာရှည်စွာ ဖြတ်သန်းလာခဲ့ရသည့် အနိဋ္ဌာရုံများကို အားလုံးသိရှိပြီးဖြစ်ပါသည်။
သို့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးဆုံးလိုအပ်ချက်အဖြစ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည် ဖော်ခဲ့ကြပါသည်။ ထာဝရငြိမ်းချမ်းရေးအတွက် လွဲမှားသည့်လက်နက်ကိုင်တောင်းဆိုမှုများအစား မှန်ကန်သောနိုင်ငံရေးစနစ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကို ကြိုးစားလုပ်ဆောင်ခဲ့ ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်က နိုင်ငံ့တာဝန်ယူ ခဲ့သည့်ကာလများတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်အခတ်ရပ်စဲရေး၊ လက်နက်စွန့်လွှတ်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ ထိုကဲ့သို့ အစဉ်အလာကောင်းများနှင့်အညီ ဒီမိုကရေစီစနစ်ကူးပြောင်းခဲ့သည့် ပထမအစိုးရကာလတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်ကောင်းနိုင်ရေး အစပျိုးနိုင်ခဲ့ပါသည်။
မိဘပြည်သူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်နှင့် လျှောက်လှမ်းရန်ကြိုးစားနေဆဲကာလအစပိုင်းတွင် တိုးတက်မှုများရှိခဲ့သော်လည်း နောက်ပိုင်းကာလတွင် ပန်းတိုင်မရောက်မီ တက်ကျိုးခဲ့ရသည့်အခြေအနေကိုကြုံခဲ့ရပါသည်။ အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သည့် လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲများကျင်းပရေးကို လျစ်လျူရှုကာ တစ်ပါတီအာဏာရရေး မသမာမှုများလုပ်ကိုင်ခဲ့သည့်အတွက် တိုင်းပြည်အခြေအနေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်ကတာဝန်ယူခဲ့ရပါသည်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ထိုအခြေအနေပေါ်တွင် အခွင့်ကောင်းယူကာ နိုင်ငံအတွင်းမတည်ငြိမ်မှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန်အတွက် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ကျင့်သုံးခဲ့ကြပြီး နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြပါသည်။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အသိဉာဏ်ပညာနည်းပါး၍ လမ်းလွဲရောက်နေသည့် အကြမ်းဖက်သမား လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများဖော်ဆောင်ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသည့် စကားအတိုင်း မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိဘဲ ၎င်းတို့ကြိုးဆွဲရာကစေလိုသော သဘောထားမမှန်သည့် ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်းသစ္စာဖောက်တို့၏ ပယောဂမျိုးစုံသည်လည်း မီးလောင်ရာလေပင့်ဖြစ်ပြီး ယခုကာလအထိ မတည်မငြိမ်ဖြစ်နေရသည်များမှာ အထူးသတိထားသင့်သည့် အချက်ပင်ဖြစ်ပါသည်။
ကယားပြည်နယ်တွင်လည်း အဆိုပါ လက်နက်ကိုင်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများပေါ်ပေါက်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါသည်။ အခက်အခဲများကို ကြံ့ကြံ့ခံရင်း ဒေသပြန်လည်အေးချမ်းတည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ ပေးဆပ်မှုများစွာဖြင့် လုပ်ဆောင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍ အသီးသီးကို စနစ်တကျ ပြန်လည်တည်ဆောက်ထူထောင်ပေးပြီး ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝများ အဆင်ပြေစေရေးအတွက်လည်း အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်သည် ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့်လမ်းကြောင်းပေါ်သို့ အချိန်တိုတိုအတွင်း ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။ ဆက်လက်၍လည်း တိုးတက်အောင်မြင်မှုများရှိစေရန် နိုင်ငံတော်မှ ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
မိမိဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနှောင့်နှေးအောင် မိမိတို့ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပင် လုပ်ဆောင်မှုများသည် အရုပ်ဆိုးအကျည်းတန်သလို သမိုင်းတွင်အမည်းစက်အဖြစ် ကျန်ရစ်ခဲ့မည်သာဖြစ်ပါသည်။ လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် ပျက်စီးခဲ့ရသည့် ရုပ်ပိုင်းဆိုင်ရာများကို ပြန်လည်ပြုပြင်ရန် လိုအပ်သလို ထိခိုက်ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာများကိုလည်း ပြန်လည်ကုစားရန်လိုအပ်သဖြင့် ကယားပြည်နယ်၏ ပြန်လည်ရှင်သန်ဖွံ့ဖြိုးမှုတိုင်းအတွက် နိုင်ငံတော်နှင့်အတူ ဒေသခံတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း လက်တွဲဆောင်ရွက်ကြရန် လေးလေးနက်နက် တိုက်တွန်းလိုပါသည်။
ယနေ့ကာလတွင် မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ဦးတည်ချက်များနှင့်အညီ ပြည်သူများ လိုလားတောင့်တသည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ်၏အခြေခံနှင့် အဓိကဖြစ်သည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကိုလည်း ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုအခါ အပိုင်း(၁)နှင့် အပိုင်း(၂)တို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ အပိုင်း(၃)ကို မကြာမီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် ပြည်သူ့အကျိုးကိုသာရှေးရှု၍ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ရည်မှန်းချက်ထားဆောင်ရွက်ပေးနေသလို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုလည်း နိုင်ငံရေးရည်မှန်းချက်(၂)ရပ်အဖြစ် သန္နိဋ္ဌာန်ထားချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုလားချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ရာ ပြည်သူအားလုံးကလည်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား
ယခင်ထက် ပိုမို၍အေးချမ်းသာယာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ပြန်လည်ဖြစ်ပေါ်လာစေရေးအတွက် အဓိကမောင်းနှင်အားသည် ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ စိတ်ဓာတ်၊ စည်းလုံးမှုနှင့် ဇွဲလုံ့လများပင်ဖြစ်ပါသည်။ နိုင်ငံပျက်စီးရာပျက်စီးကြောင်း ပယောဂစိတ်ဖြင့် တွန်းတိုက်ရိုက်ခတ်မှုများကို ကြံ့ကြံ့ခံပြီး မည်မျှဖြိုခွဲစေကာမူ မပြိုလဲသည့်စည်းလုံးမှုနှင့် မဆုတ်မနစ်ဆောင်ရွက်လိုသည့် ကြိုးပမ်းမှုများဖြင့် တည်ဆောက်မည်ဆိုပါက မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဖြစ်ပါသည်။ လက်ရှိကာလတွင် အကောင်းဆုံး ကြိုးပမ်းတည်ဆောက်ခြင်းဖြင့်သာ အနာဂတ်ကာလရှိ မိမိတို့၏ မျိုးဆက်သစ်များအပေါ်တွင် တိုးတက်ဖွံ့ဖြိုးမှုနှင့်ကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး အသိဉာဏ်ပညာနှင့် သတိတရားလက်ကိုင်ထားကာ တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံမှု စည်းလုံးညီညွတ်မှုတို့ဖြင့် အနာဂတ်တွင် တစ်နိုင်ငံလုံးတစ်ပြေးညီ သာယာအေးချမ်းစေရေးအတွက် အားသွန်ခွန်စိုက် အတူတကွကြိုးပမ်းဆောင်ရွက်သွားကြပါရန်နှင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား အားလုံးကလည်း စိတ်တူကိုယ်တူ အတွေးအကြံတူစွာဖြင့် ပြည်နယ် အေးချမ်းသာယာရေးမှသည် နိုင်ငံ့အကျိုးကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ဆန္ဒပြုတိုက်တွန်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
