Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၃) ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၂) ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား (၇) ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား (၁) ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား (၁၂) ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား (၅) ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၂၈) ဦး၊ အမျိုးသမီး (၁)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား (၁) ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၃) ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား (၂) ဦး၊ ချောက်မြို့နယ်မှ အမျိုးသား (၄) ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား (၇) ဦး၊ စလင်းမြို့နယ်မှ အမျိုးသား (၂) ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား (၄) ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား (၁) ဦး၊ သရက်မြို့နယ်မှ အမျိုးသား (၁) ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၃) ဦး၊ စုစုပေါင်းအမျိုးသား (၁၄၁) ဦးနှင့် အမျိုးသမီး (၉) ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်နှင့် ကျည်ကာအင်္ကျီ ၄ ထည်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်တစ်လက်နှုန်းအတွက် ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၅ လက်အတွက် ငွေကျပ် သိန်း ၇၅၀၊ RPG သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ ၅ သိန်းနှုန်းဖြင့် သေနတ် ၂ လက်အတွက် ငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံတစ်လုံးစီအတွက် ဆုကြေးငွေ ကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံးအတွက် ငွေကျပ် ၅၇ သိန်း၊ စကားပြောစက် တစ်လုံးနှုန်းအတွက် ဆုကြေးငွေ ၂ သိန်းနှုန်းဖြင့် စကားပြောစက် ၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ ကျည်ကာအင်္ကျီ တစ်ထည်နှုန်းအတွက် ဆုကြေးငွေ ၂ သိန်းနှုန်းဖြင့် ကျည်ကာအင်္ကျီ ၄ ထည်အတွက် ဆုကြေးငွေကျပ် ၈ သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၃၃ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၃ သိန်း၊ စုစုပေါင်းငွေကျပ် ၁၀၄၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသောလက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။