Skip to main content

စစ်ကိုင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တည်ထားပူဇော်သော ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွတ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

တက်ရောက်ကြည်ညို

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေဗောဓိဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး သစ်သီးပန်းမန်၊ ဆီမီးနှင့် သောက်တော်ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကိုယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို သီတဂူဆရာတော်ဘုရားကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းပူဇော်သည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီးတို့က ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တက်ရောက်လာကြသည့် အကြီးအကဲများနှင့် ဧည့်ပရိသတ်များက ရတနာငှက်မြတ်နားတော်ရှိ ရတနာရွှေကြုတ်တော်အတွင်းသို့ ရတနာ ရွှေငွေကျောက်သံပတ္တမြားများကို ကြည်ညိုသဒ္ဓါပွားများစွာ ထည့်သွင်းလှူဒါန်းပူဇော်ကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ ၍လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ငှက်မြတ် နားတော်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်ကြသည်။

ယင်းနောက် သီတဂူဥပါသကာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်ကြပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။

ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်