Skip to main content

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀)ဖွင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၅

မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀)ဖွင့်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NSSA ၏ ကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင်များ၊ ဒိုင်ပြုလုပ်ပေးမည့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုစီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်း ရှင်များ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀)သည် မြန်မာနိုင်ငံအတွင်း လူမှုစီးပွားရေးကူးလူးဆက်ဆံမှုဖြစ်စဉ်တွင် အလေးထားရမည့် မြန်မာလူ့စွမ်းအား အရင်းအမြစ်ဖြစ်သော လူငယ်လုပ်သားများ၏ ကျွမ်းကျင်မှုစွမ်းရည်ကို မှတ်ကျောက်တင်ပြသနိုင်မည့် ပွဲဖြစ်ကြောင်း ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြိုဆိုဂုဏ်ပြုစကား ပြောကြားပြီး မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀)ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ Toshiyuki Nomura MD Isuzu(Myanmar)Co;Ltd. နှင့် Hiroshi Yamamoto MD Suzuki (Myanmar)Co;Ltd. တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြိုင်ပွဲကျင်းပပြုလုပ်သည့် နေရာများသို့ လှည့်လည်ကြည့်ရှု လေ့လာကြသည်။

အဆိုပါ ကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀)တွင် Automobile Technology၊ Refrigeration and Air Condition Electrical Installation Restaurant Service Cooking အလုပ်အကိုင်များတွင် GTI ၊ GTHsနှင့် သက်ဆိုင်ရာ လုပ်ငန်းများမှ အသက်(၂၂)နှစ်အောက် လူငယ်များ ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွေးချယ် ခံရသော အရည်အသွေးပြည့် လုပ်သားလူငယ်များကို စခန်းတွင်းလေ့ကျင့်ပြီး စင်္ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)