ဟားခါး ဇန်နဝါရီ ၂၅
ပထမဦးဆုံးအကြိမ် ကျင်းပသည့်လောက်နူးမြေယဉ်ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်း ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတော်ကို ချင်းပြည်နယ်၏ ဒေသတွင်း ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လောက်နူးမြေ (ကန်ပက်လက်) ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးနှင့် ခေါ်နူးစုမ်တောင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အလေ့အကျင့်ကောင်း များရရှိစေရေး ရည်ရွယ်လျက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အတူ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကောင်မတီ၊ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ချင်းရိုးရာမုခ်ဦးရှေ့၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို လောက်နူးမြေရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်း ပွဲတော် ဖွင့်ပွဲမဏ္ဍပ်စင်မြင့်တွင် ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ဒေသရဲ့ခရီးသွား လုပ်ငန်းပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်ရန် လည်းကောင်း ၊ တိမ်မြှပ်ပျောက်ကွယ်နေတဲ့ရိုးရာ ယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်နိုင်ရန် လည်းကောင်း၊ ခေါ်နူးစုမ်တောင်နဲ့သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်း စောင့်ရှောက်ရေး အလေ့အကျင့်ကောင်းများပေါ်ထွန်းစေရန် လည်းကောင်း၊ လောက်နူးမြေရိုးရာ ယဉ်ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဒေသခံ ရပ်ရွာ ပြည်သူများ၏ အသိုက်အဝန်း၊လုပ်ငန်းရှင်များအသိုက်အဝန်း၊အစိုးရဌာနများ နှင့်အသင်းအဖွဲ့များ စသည့် အသိုက်အဝန်း တစ်ခု(Community)တစ်ခုမှ အခြေခံကာ ဆောင်ရွက် နေသောလူထုအခြေပြု ခရီးသွားလုပ်ငန်း(Community Based Tourism)ကတဆင့် အသိုက်အဝန်းများနှင့် အဖွဲ့အစည်းများအားလုံး စုပေါင်းပါဝင်ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း (Community Involvement Tourism)သို့ တက်လှမ်းသောခြေလှမ်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ ကန်ပက်လက်မြို့အနေဖြင့် တန်ဖိုးမြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားခြင်း၊ဒေသခံများ၏ ခရီးသွားလုပ်ငန်း အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အဦများ တည်ဆောက်ပြီးဖြစ်ခြင်းတို့ကြောင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဂုဏ်မြင့်မားသည့်အာဆီယံ (ASEAN)အဖွဲ့မှ (၂)နှစ်လျှင်တစ်ကြိမ် ချီးမြှင့်တဲ့ ASEAN Clean Tourist City ဆုကိုလည်း ရရှိအောင် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်က ပွဲတော်အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် များနှင့် ပွဲတော် ကျင်းပဆောင်ရွက်နိုင်ခြင်းတို့ အတွက် ဒေသခံများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် လောက်နူးမြေ လူမျိုးစု (၅)စုတို့၏ ရိုးရာ အကများဖြစ်သော ရာ့ ရိုးရာ၊ မွင်းရိုးရာ၊ ဒါးရင်ဒူးရိုးရာ၊ ဥ(ပ်)ပူးရိုးရာနှင့် ဒိုင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တို့မှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ပြခန်းများတွင် ပြသထားသော လောက်နူးမြေ ရိုရာယဉ်ကျေးမှုပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ကန်ပက်လက်မြို့ Tourist Information Centre ဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
လောက်နူးမြေရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၅ရက်ညပိုင်းတွင်ရိုးရာလုံယူး ကျောက်ပျဉ်ချီ ပွဲတော် ကျင်းပခြင်း၊ တေးသံရှင် ယောကီးအပါအဝင် ဒေသတွင်း အဆိုတော်များဖြင့် သီဆိုဖျော်ဖြေခြင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်နူးစုမ်တောင်သို့ (၁၁)မိုင်လမ်းခွဲမှစ၍ လမ်းလျှောက်ချီတက်ပြိုင်ပွဲ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ ခေါ်နူးစုမ် တောင်ဇလပ်ပန်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ကဗျာ၊စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး နေ့လယ် ၁၁နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ၂၀၁၈−၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၅၀ ဖြင့် ဆောက်လုပ်ပြီးစီးသည့် ကန်ပက်လက်မြို့ မိုးလုံလေလုံ အားကစား အဆောက်အဦ ဖွင့်ပွဲအားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲ ၂နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါ်နူးစုမ် လေယာဉ်ကွင်းဆောက်လုပ်မည့် နေရာသို့ သွားရောက်၍ ကြည့်ရှုရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)