Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်

နေပြည်တော် မတ် ၂၃

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၇၃ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၇၁ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၆ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌအဖြစ် အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးတေဇကျော်နှင့် အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။

ယင်းနောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို မတ် ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။