လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ် တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန်အလို့ငှာ အောက်ပါနည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ ထိုသူကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
အောက်ပါနည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ဟု ဆိုရာတွင် (၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂) သွေးဆောင်ခေါ်ယူခြင်း၊ (၃) လိမ်လည်ခြင်း၊ (၄) လှည့်ဖြားခြင်း၊ (၅) လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ (၆) ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ (၇) ထိုသူအပေါ် ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘော တူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းဟူ၍ နည်းလမ်း(၇) ရပ်ကို ဥပဒေ၌ ဖော်ပြထားသည်။
လူကုန်ကူးခံရသူမှာ ပြည့်တန်ဆာကိစ္စ၊ ကာမကိစ္စတို့ ခိုင်းစေခံရခြင်း၊ အလုပ် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုတို့ ခိုင်းစေခံရခြင်း၊ ကျွန်ကဲ့သို့ ခိုင်းစေခံရခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်စေခြင်း၊ အဓမ္မတောင်းရမ်းခိုင်းခြင်း၊ ကိုယ်ဝန်အငှားဆောင် စေခြင်း စသည်ဖြင့် လူလူချင်းခေါင်းပုံဖြတ်ခြင်း ခံရသလို ကလေးသူငယ်များဆိုပါကလည်း အကျိုးအမြတ်အတွက် လိမ်လည်လှည့်ဖြား၍ ကလေးသူငယ်များအား မွေးစားခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို ထုတ်ယူ ဖယ်ရှားခြင်း၊ ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် အလွဲသုံးစားခြင်း စသည်ဖြင့် လူကုန်ကူးသူတို့၏ လူမဆန်စွာ အကျိုးအမြတ်ရယူမှုကို ခံကြရသည်။
မြန်မာအမျိုးသမီးအချို့တို့မှာ ဆင်းရဲနွမ်းပါးခြင်း၊ မသိနားမလည်ခြင်း၊ ငွေကြေးအခက်အခဲနှင့်ရင်ဆိုင်ရခြင်း၊ မက်လုံး တစ်စုံတစ်ရာပေး၍ သွေးဆောင်ဖြားယောင်းခံရခြင်း၊ ပို၍ကောင်းမည် ဟုထင်ရသည့် ဘဝအခြေအနေတစ်ရပ်ကို ရရှိလိုခြင်း၊ လတ်တလော အခက်အခဲတစ်စုံတစ်ရာမှ ထွက်ပေါက်ရှာခြင်းတို့အပါအဝင် အကြောင်းတရားအမျိုးမျိုးတို့ကြောင့် လူကုန်ကူးမှု၏ သားကောင်ဘဝသို့ ကျရောက်ခံကြရသည်။ မကြာခဏဆိုသလိုပင် လူမှုကွန်ရက် စာမျက်နှာများတွင် နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ ဖူးစာဆုံကြ၊ လက်ထပ်ကြသည့် အကြောင်းအရာများ ဖော်ပြထားသည်ကို တွေ့ကြရသည်။ အမှန်တကယ်မေတ္တာသက်ဝင်၍ ဘဝခရီးဖော်အဖြစ် တရားဝင်လက်တွဲကြခြင်းအတွက် ဆိုဖွယ်ရာမရှိသော်လည်း ဟန်ဆောင်လက်ထပ်ပြီး ပြည်ပသို့ခေါ်ဆောင်ခြင်းမျိုးကမူ ကာယကံရှင်အမျိုးသမီးအတွက် အန္တရာယ်ရှိနိုင်သည်။
ကမ္ဘာပေါ်တွင် လူကုန်ကူးခံရသူ အများဆုံးရှိရာဒေသသည် အရှေ့တောင်အာရှဒေသဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ကမ္ဘာတစ်ဝန်း လူကုန်ကူးခံရသူ စုစုပေါင်း၏ ထက်ဝက်ကျော်မှာ အရှေ့တောင်အာရှမှဖြစ်ပြီး အများစုသည် အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းရှိသော မိန်းကလေးငယ်များနှင့် အမျိုးသမီးများဖြစ်သည်။ လူကုန်ကူးမှုကျူးလွန်ကြသူများမှာလည်း အဓိကအားဖြင့် အမျိုးသမီးများပင်ဖြစ်ကြသည်။ မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု၊ စီးပွားရေးအခြေအနေနိမ့်ကျမှု၊ ဆင်းရဲနွမ်းပါးမှု စသည်တို့က အမျိုးသမီးငယ်/ရွယ်များကို လူကုန်ကူးမှုကျူးလွန်ခံရစေရန် တွန်းအားပေးနေသည့် အကြောင်းရင်းခံများဖြစ်နေသည်။ လူကုန်ကူးသူများ အနေဖြင့်လည်း လူကုန်ကူးလုပ်ငန်းသည် ငွေကြေးအကျိုး အမြတ်များစွာရရှိနိုင်သည့် လုပ်ငန်းအနေဖြင့် ဆက်လက်ကျူးလွန် နေကြမည်ဖြစ်ရာ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ အန္တရာယ်မကျရောက်စေရန် လူတိုင်းက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည်။
လူကုန်ကူးခံရသူများမှာ လှည့်ဖြားခံရသူများဖြစ်ပြီး လူကုန်ကူးမှုကျူးလွန်သူများမှာလည်း သိုသိပ်စွာပြုလုပ်ကြခြင်းဖြစ်သည့် အလျောက် လူကုန်ကူးမှုကို ကျွမ်းကျင်သူများကသာ ဖော်ထုတ်နိုင်သည်ဟု ဆိုသည်။ လူကုန်ကူးမှုဖြစ်စဉ်များကို တွေ့မြင်သိရှိရပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖုန်းများ (Hot Line) ၀၉- ၄၉၅၅၅၆၆၆၊ ၀၉-၄၉၅၅၅၇၇၇၊ ၀၉-၄၉၅၅၅၈၈၈၊ ၀၉-၄၉၅၅၅၉၉၉ သို့လည်းကောင်း၊ လူကုန်ကူးခံရသူများအနေဖြင့် အကူအညီလိုအပ်ပါက လူကုန်ကူးခံရသူများအတွက် ညွှန်းပို့ချိတ်ဆက်ရေးစင်တာ (ရန်ကုန်၊ မန္တလေး) သို့လည်းကောင်း ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။ လူကုန်ကူးခံရသူများ အတွက် ညွှန်းပို့ချိတ်ဆက်ရေးစင်တာ ရန်ကုန်လိပ်စာမှာ အမှတ်(၆၄)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ဖုန်းနံပါတ် - ၀၁-၈၆၆၆၆၁၉ ဖြစ်ပြီး မန္တလေးစင်တာလိပ်စာမှာ ရွှေကျင်သံလမ်းအနီး၊ ဘုန်းတော်တိုးရပ်၊ အောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ်- ၀၂-၂၈၃၀၄၂၃ ဖြစ်ပြီး အကူအညီပေးရန် အသင့်ရှိနေသည်။ လူလူချင်းလူမဆန်စွာ ခေါင်းပုံဖြတ်သည့်လုပ်ရပ်ကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချ ပူးပေါင်းပါဝင်နှိမ်နင်းကြရန်နှင့် လူကုန်ကူးခံရသူများအပေါ် လျစ်လျူမရှုဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
