နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ရှေးဦးပြုစုခြင်း (First Aid) သည် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရုတ်တရက်ဖျားနာခြင်းများ ကြုံလာရသည့်အခါတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ဆီမရောက်ခင်ရရှိလာသည့် ပစ္စည်းကိရိယာများနှင့် အရေးပေါ်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ချိန်တွင် ရှေးဦးပြုစုပေးခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ရှေးဦးပြုစုသူတစ်ယောက်အနေဖြင့် အရေးပေါ်ကြုံတွေ့ရသည့်အခြေအနေတွင် စိတ်တည်ငြိမ်မှုရှိစွာ လုပ်ဆောင်နိုင်ခြင်း၊ အချိန်နှင့်အမျှ အရေးကြီးနေသည့်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ပြီး လျင်မြန်ဖြတ်လတ်မှုရှိခြင်း၊ အန္တရာယ်ဖြစ်ပေါ်နေသည့် လူနာကို စိတ်ပိုင်းဆိုင်ရာအရ အားပေးနှစ်သိမ့် ကူညီလိုစိတ်ရှိခြင်း စသည့်အရည်အချင်းများရှိရန် လိုအပ်ပါကြောင်း။
ယခုသင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် မှန်ကန်သည့် ရှေးဦးပြုစုနည်းများကို သိထား၊ တတ်ထားမည်ဆိုလျှင် မိမိပတ်ဝန်းကျင်၌ ဖြစ်ပေါ်နေသည့် အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ရှေးဦးပြုစုမှုနှင့် လူတစ်ဦး၊ တစ်ယောက်၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများကို ပိုမိုဆိုးရွားမလာအောင် ကြိုတင်တားဆီးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းက ရရှိလာမည့် အသိပညာနှင့် အတွေ့အကြုံများသည် လူမှုနယ်ပယ်နှင့် နေ့စဉ်ဘဝတွင် အမြဲတမ်းအသုံးဝင်နေမည်ဖြစ်ပြီး မိမိအတွက်သာမက မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးမှု များကို သေသေချာချာ လေ့လာသင်ယူမှတ်သားပြီး နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားပြီး သုံးမြှောင့်ပတ်တီး၊ ရှေးဦးပြုစုခြင်းစာအုပ်နှင့် လက်ကမ်းစာစောင်တို့ကို နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုကပေးအပ်ရာ နေပြည်တော်ပညာရေးမှူး ဒေါက်တာကျော်လွင်က လက်ခံရယူသည်။
အဆိုပါ ၂၀၂၆ ခုနှစ် နွေရာသီရှေးဦးပြုစုခြင်းသင်တန်းကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်မှ ၃၀ ရက် အထိ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဆရာ ဆရာမများက ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ လူငယ်များကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
