Skip to main content

စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက Call Center သို့ မေးမြန်းတိုင်ကြားနိုင်

နေပြည်တော် မတ် ၂၈

ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကို ဖွင့်လှစ်ထားရှိကာ နေ့စဉ်နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင်တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ်ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉-၄၄၀၄၃၃၃၂၄ နှင့် ၀၉ - ၈၉၉၁၂၉၂၉၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ထက်မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေ ခြင်း၊ ပုံး၊ ပီပါများဖြင့် တရားမဝင် ထုတ်ယူရောင်းချနေခြင်းများ တွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်းအမှတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလိုသည့် သတင်း အချက်အလက်နှင့် အထောက်အထားစာရွက်စာတမ်းများ၊ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉-၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

အချက်အလက် ပြည့်စုံစွာ တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာ အရေးယူဆောင် ရွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပုလိပ်ကျေးရွာ ရန်ကုန် - မန္တလေး လမ်းမကြီး (လမ်းဟောင်း) ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၅၁၂) အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိပြီး အဆိုပါ အရောင်းဆိုင်နှင့် သက်ဆိုင်သည့် တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံး ဆီရောင်းချသည့် မော်တော်ယာဉ် စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် ၃၀ ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်