မန္တလေး ဇန်နဝါရီ ၂၅
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀၀ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ၂၅ရက် နံနက်၉နာရီက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် နန်းတော်ရှေ့ ဘောလုံးအားကစားကွင်းတွင် ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းတို့က နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀၀ပြည့် ပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာနိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရွှေမန်းမြို့ကြီးသည် ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားရာ၊ ထိန်းသိမ်းရာမြို့တော်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ယခုလို မြို့တော်ကြီးတွင် စာဖတ်အသင်းကြီး နှစ် ၁၀၀ ပြည့်သွားခြင်းသည် အင်မတန်ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစရာတစ်ခုလို့ ပြောချင်ပါကြောင်း၊ အဆိုပါ အသင်းကြီးသည် ရိုးရိုးစာဖတ်အသင်း မဟုတ်ဘဲအနုပညာ၊ စာပေ၊ ဘာသာတရားနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊ နှစ် ၁၀၀ အတွင်း၌ စာဖတ်အသင်းကြီးသည် နန်းတော်ရှေ့မှာပင် နေရာအမျိုးမျိုးပြောင်းရွှေ့ဖွင့်လှစ်မှုများ ကြုံတွေ့ခဲ့ရပြီး ၁၉၃၈ ခုနှစ်မှစ၍ ယခုလက်ရှိနေရာတွင် အခြေတည်ခဲ့ကြောင်း၊ နှစ် ၁၀၀ တိုင်အောင် တည်တံ့လာခဲ့သည့် စာကြည့်အသင်းကြီးသည် မန္တလေးမြို့သူမြို့သားများ၏ အားပေးမှု၊ အသင်းအဖွဲ့ အမျိုးမျိုး၏အားပေးမှု၊ စာဖတ်ပရိသတ် နှင့် ယဉ်ကျေးမှုထိန်းသိမ်းသူများ၏ အားပေးမှုကြောင့် နှစ် ၁၀၀ မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ပါစေကြောင်းနှင့် ယခုထက်ပိုမိုဖွံ့ဖြိုးတက်မည်ဟုလည်း ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မုဒိတာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း၏ ရာပြည့်ပွဲတော် အခမ်းအနားသို့ စာကြည့်အသင်းကော်မတီဝင်များမှ ဖိတ်ကြားခဲ့သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးကလည်း ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း စာဖတ်အသင်းစာကြည့်အသင်းနှင့် စာကြည့်တိုက်များကို အင်မတန် နှစ်သက်ဝါသနာပါသည့်အပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း တာဝန်ရှိသည့် အစိတ်အပိုင်းဖြစ်သည့်အတွက် ယခုလို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် တက်ရောက်လာခြင်း ဖြစ်ပါကြောင်း၊ စာကြည့်အသင်းတစ်ခုသို့မဟုတ် စာကြည့်တိုက်တစ်ခု နှစ် ၁၀၀ အထိ တည်တံ့နေခြင်းသည် မြန်မာနိုင်ငံအဖို့ အင်မတန်အံ့ဩဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အသင်းကြီး၏ရာဇဝင်အရ စတင်ထူထောင်ခဲ့သည် ပုဂ္ဂိုလ်များတွင် မြန်မာနိုင်ငံတစ်လွှား လူကြီးလူငယ်မရွေးသိရှိကြသည့် ဆရာကြီးဦးရာဇတ်၊ အနုပညာရှင်ကြီးနန်းတော်ရှေ့ ဆရာတင် စသည့် ပုဂ္ဂိုလ်များဦးဆောင်ထူထောင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း။
စာကြည့်အသင်းကြီးသည် ၁၉၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် မှတ်ပုံတင်၍ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းအဖြစ် တည်ရှိကာယခုနှစ်တွင် ရာပြည့် အခမ်းအနားကျင်းပခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် ရာပြည့်အခမ်းအနားများကျင်းပရန် စီစဉ်နေပါကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားနှင့် ၁၉၂၀ ခုနှစ်တွင် အကြောင်းပြုဖြစ်ပေါ်ခဲ့သည့် အမျိုးသားနေ့ ရာပြည့်ပွဲတော်လည်းကျင်းပရန် ရှိပါကြောင်း၊ ထို့ပြင် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် ပွဲတော်ကိုလည်းကျင်းပရန်ရှိကြောင်း၊ ၁၉၂၀ ပြည့်ုနှစ်သည် မြန်မာနိုင်ငံ၏သမိုင်း၌ အလွန်အရေးပါသည့် အလှည့်အပြောင်းအများဆုံးနှစ်တစ်နှစ်ဟုစဉ်းစားနိုင်ပါကြောင်း။
၁၉၀၀ ပြည့်နှစ်နောက်ပိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နိုးကြားကာ အသင်းအဖွဲ့များ ပေါ်ပေါက်လာပြီး YMBA ကဲ့သို့ ထင်ရှားသည့်အသင်းကြီး ပေါ်ပေါက်လာကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် စာပေအသင်း၊ ဘာသာရေးအသင်း၊ လူမှုရေးအသင်း အမြောက်အမြားပေါ်ထွန်းလာကာ ၁၉၂၀ ခုနှစ်တွင် အသင်းအဖွဲ့များစုပေါင်းဖွဲ့စည်းထားသည့် ဂျီစီဘီအေအသင်းချုပ်ကြီးပေါ်ထွန်းလာပါကြောင်း၊ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်ကာလသည် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုသမိုင်းတွင် အလွန်အရေးကြီးသည့်နှစ်ဟုမြင်ပါကြောင်း၊ ယခုလို နှစ်ပိုင်းတွင် ထူထောင်ခဲ့သည့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းသည် စာဖတ်ရုံ၊ စာပေဆွေးနွေးရုံသာမကဘဲစာကြည့်အသင်းကိုအကြောင်းပြု၍ အမျိုးသားရေးအကျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်းများကို အများအပြားလုပ်ဆောင်ခဲ့ကြမည်ဟု ထင်ပါကြောင်း၊ အဆိုပါ အသင်းများသည် မြန်မာနိုင်ငံလွှတ်လပ်ရေးရရှိရေးအတွက် အထောက်အကူပြု ခဲ့ကြသည့် အသင်းအဖွဲ့များအဖြစ် မြင်ပါကြောင်း။
၁၉၂၀ ပြည့်နှစ်ကာလသည် မြန်မာလူမျိုးများ စိတ်ဓာတ်နိုးကြားတက်ကြွသည့်ကာလ အသိပညာရှားမီလိုသည့် စိတ်ဓာတ်၊ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြင့် လှုပ်ရှားဆောင်ရွက်မှုအများဆုံး လုပ်ဆောင်ခဲ့ကြသည့် အချိန်ကာလ တစ်ခုဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊ မိမိတို့သည် ကမ္ဘာတွင်ဖြစ်ပျက်နေသည့်ကိစ္စများ၊ ကမ္ဘာကလုပ်ဆောင်နေသည့် ကိစ္စများကိုမသိရှိသည့်အတွက် သူ့ကျွန်ဘဝသို့ရောက်ရှိခဲ့သည်ဟု ထင်မြင်ပါကြောင်း၊ ထိုအချိန်က အသိပညာရှိသော ပုဂ္ဂိုလ်ကြီးများပြောကြားခဲ့ကြသည့် စကားသုံးခွန်းမှာ ကမ္ဘာကိုမြန်မာကသိဖို့၊ မြန်မာကို ကမ္ဘာကသိဖို့နှင့် မြန်မာအကြောင်းကို မြန်မာတွေသိဖို့ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် အလေးထားပြောကြားလိုသည်မှာ ကမ္ဘာကိုမြန်မာတွေ သိဖို့ဖြစ်ပါကြောင်း၊ နဂါးနီစာအုပ် အသင်းကြီးသည်လည်းကမ္ဘာအသိ၊ နိုင်ငံရေးအသိအမြင်များရရှိစေရန် လုပ်ဆောင်ပေးခဲ့ပါကြောင်း၊ ထိုအချိန်ကာလက ကမ္ဘာကိုသိရှိစေရန် စာပေဖတ်ရှုခြင်း၊ စာပေဆွေးနွေးခြင်း၊ စာကြည့်အသင်းများ ထူထောင်ကာလွတ်လပ်သော နိုင်ငံဖြစ်စေရေးအတွက် ရုန်းကန်လှုပ်ရှားခြင်းများဖြင့်ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစားခဲ့ကြပါကြောင်း။
ယနေ့ခေတ်တွင် ယခုကဲ့သို့ စာကြည့်အသင်းများ အများအပြားပိုမိုလိုအပ်နေပါကြောင်း၊ စာကြည့်သင်းများ၊ စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများမှ တစ်ဆင့် ကမ္ဘာကိုမြန်မာက သိရှိရန်အလေးထားလုပ်ဆောင်ရမည်ဟုပြောလိုပါကြောင်း၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀၀ ပြည့်သည်အထိ ဝိုင်းဝန်းထူထောင်လာကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း၊ ယနေ့ ရာပြည့်မှစပြီးလွန်ခဲ့သည့် နှစ် ၁၀၀ ကာလ အသင်းစတင် တည်ထောင်ချိန်ကစိတ်ဓာတ်များဖြင့် ဆက်လက်လှုပ်ရှားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မန္တလေးမြို့တွင် ပူးပေါင်းဆောင်ရွက်မှု အလေ့အထဖြင့်ဖွဲ့စည်း တည်ထောင်ထားသည့် အသင်းကြီးများအမြောက်အများရှိပါကြောင်း၊ အဆိုပါ အသင်းကြီးများ ရေရှည်တည်တံ့ ခိုင်မြဲနေခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ သီလသိက္ခာမြဲမြံကြခြင်း၊ စည်းမျည်းစည်းကမ်းခိုင်မာခြင်း၊ ပင်ကိုယ်စရိုက်ကပင် ပရဟိတ အားထုတ်မှုကောင်းခြင်းစသည့် အကြောင်းတရားများ ကြောင့်ဖြစ်ပါကြောင်း၊ ယနေ့နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်း ရာပြည့်ပွဲတော် ကျင်းပနိုင်ခြင်းသည် ၎င်းအသင်းကြီး၏ အစဉ်အလာကြီးမားမှုနှင့် ဂုဏ်သိက္ခာကြီးမားမှုကို ဖော်ပြရုံသာမက မန္တလေးမြို့ကြီး၏ အစဉ်အလာနှင့် ဂုဏ်သိက္ခာ ကိုလည်း ထိန်းသိမ်းမြှင့်တင်ပေးရာရောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စာရေးဆရာချစ်ဦးညိုက နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းပွဲတော် ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအား ရှင်းလင်း တင်ပြသည်။
ထို့နောက် နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်း နှစ် ၁၀၀ ပြည့် ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းက နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းနှစ် ၁၀၀ သက်တမ်းဖြတ်သန်းခဲ့ပြီး ယနေ့တွင် ရာပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် မော်ကွန်းတင်နိုင် ခဲ့ကြောင်းယနေ့ ရာပြည့်ပွဲတော်မှသည် နောင်နှစ်ပေါင်းများစွာအထိ စာကြည့်အသင်းကြီး ဆက်လက်ရှင်သန်နိုင်ရန် ပူးပေါင်းလုပ်ဆောင် သွားကြမည်ဖြစ်ပါကြောင်းပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် နန်းတော်ရှေ့ဘောလုံးကွင်းအတွင်း ခင်းကျင်းပြသထားသည့် နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်း သမိုင်းမှတ်တမ်းပြခန်း၊ ပန်းချီကာတွန်းပြခန်းနှင့် စာအုပ်စာပေအရောင်းဆိုင်များကိုလည်းကောင်း၊ အောင်မြေသာစံ မြို့နယ် အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် လမ်း ၂၀ ကြားတွင် တည်ထောင်ဖွင့်လှစ်ထားသည့် နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်း ကိုလည်းကောင်းကြည့်ရှုလေ့လာကြသည်။
နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းသည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင် ခဲ့သည့် ပထမဆုံးမှတ်ပုံတင်ထားသည့် စာကြည့်တိုက်၊ မန္တလေးမြို့၏ သက်တမ်းအရှည်အကြာ ဆုံး စာကြည့်သင်းကြီး ဖြစ်သည်။ နန်းတော်ရှေ့ စာကြည့်သင်းကို ဆဌသင်္ဂါယနာတင် ဝန်ဆောင်ပုဂ္ဂိုလ် ဦးဓမ္မာဘိဝံသကဲ့သို့ သာသနာ့အာဇာနည်များအဖြစ် ပညာရေးဝန်ကြီးဟောင်း အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်၊ နန်းတော်ရှေ့ ဆရာတင် စသည့် ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးများပါဝင်၍ စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ပရိယတ္တိ စာကြည့်သင်းမှ မြို့ရှေ့ စာကြည့်သင်း၊ ၎င်းမှ နန်းတော်ရှေ့ စာကြည့်သင်းစသည်ဖြင့် ခေတ်အဆက်ဆက်တွင် တည်ထောင်လာခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နှစ်တစ်ရာပြည့် အခမ်းအနားကြီးအဖြစ် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကျင်းပခြင်းဖြစ်သည်။
နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ခန့်က ရှားပါးသော စာအုပ်စာစောင်များ၊ သတင်းစာ၊ မဂ္ဂဇင်းများနှင့် ပေစာ၊ ပုရပိုက်များ၊ ရည်ညွှန်းကိုးကား နိုင်သည့် စာအုပ်စာစောင်များစသည်ဖြင့် စာအုပ် အမျိုးအစားပေါင်း သုံးသောင်းခန့် ထိန်းသိမ်း စောင့်ရှောက်ထားပြီး အသင်းသားဦးရေမှာ တစ်သောင်းကျော် ရှိနေသည်။
အဆိုပါ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်း ရာပြည့်ပွဲတော်ကြီးကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်ထိ ညစဉ်စာပေဟောပြောပွဲများ၊ တေးဂီတဖျော်ဖြေပွဲများနှင့်အတူ စာပေပန်းချီ ကာတွန်းပြခန်းများ၊ စာအုပ်အရောင်းဆိုင် ၂၅ ဆိုင်ပါဝင်သည့် စာအုပ်ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ဓာတ်ပုံ- အောင်ဖြိုးကျော်