Skip to main content

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တွေ့ဆုံပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် သစ်လုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပရာ ငွေကြေးရရှိစေနိုင်မှု ဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ကော်မတီမှ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ချေးငွေရရှိရေးကိစ္စရပ်များ ဆွေးနွေး

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ(၄) ဦးရဲမင်းဦး၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနေလင်းထိုက်တို့က MSME လုပ်ငန်းရှင်များမှ လိုအပ်သည့်ချေးငွေ ရရှိရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီဝင်များက ဌာနအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များက SMEs ချေးငွေ လျှောက်ထားရာတွင် တင်ပြရသည့် စာရွက်စာတမ်းများနှင့် ချေးငွေရယူရန် သတ်မှတ်ချက်များ ဖြေလျှော့ပေးရေးကိစ္စ၊ နှစ်ရှည် ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေး ပေးရေးကိစ္စ၊ အခွန်ပေးဆောင်ရာတွင် ကြုံတွေ့နေရသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြကာ ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြား သည်။

လုပ်ငန်းရှင်များ တက်ရောက်

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနေလင်းထိုက်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်း(နေပြည်တော်)၏ ညီနောင်လုပ်ငန်းစုအဖွဲ့ဝင်များ စုစုပေါင်း ၁၆၀ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်