နေပြည်တော် မေ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့သွားရောက်၍ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သို့ ရောက်ရှိကြရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
တိုင်းပြည်နှင့် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်တစ်ခုဖြစ်
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတက ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်တွင် ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး အရှေ့တောင်အာရှတွင် အစောဆုံးသော ရထားပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇယ်စက်ခေါင်းအသုံးပြုရာတွင်လည်း အစောဆုံးဖြစ်ခဲ့ကြောင်း၊ မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ၂၀၂၇ ခုနှစ်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်သည် ယခုထက် ပိုမို၍ဖွံ့ဖြိုးတိုးတက်သင့်သည်ဟုထင်မြင်မိကြောင်း၊ လက်ရှိမြန်မာ့မီးရထားတွင် ဧကလမ်း ၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင်၊ စုစုပေါင်းရထားလမ်းမိုင် ၃၈၆၈ မိုင်ရှိပြီဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးသည် ခရီးသွားပြည်သူများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင်လည်း ရထားပို့ဆောင်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးရှိစွာ အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထားလမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကို လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့်မြှင့်တင်သွားရန်
မြန်မာနိုင်ငံရှိ ရထားလမ်းများအနေဖြင့် သတ်မှတ်အရည်အသွေးများနှင့် အဆင့်မီမှုအားနည်းလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ရထားလမ်းများ အရည်အသွေးနှင့် အဆင့်မီမှုရှိမှသာလျင် ရထားများကို မြန်နှုန်းမြင့်မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရထားလမ်းများအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရထားလမ်းများ အဆင့်မြှင့်တင်ရာတွင်ရထားသံလမ်းများ၊ ဇလီဖားတုံးများ၊ အောက်ခံကျောက်များ သတ်မှတ်အရည်အသွေးပြည့်မီရမည်ဖြစ်သကဲ့သို့ ရထားလမ်းကွေ့နေရာများ၊ အနိမ့်အမြင့်နေရာများကိုလည်း စနစ်တကျ ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် မီးရထားလမ်းများအဆင့်မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ များစွာဆောင်ရွက်ပေးလျက်ရှိကြောင်း။
ရထားပို့ဆောင်ရေးကို ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝ အားကိုးအသုံးပြုနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအရ လောင်စာဆီအခက်အခဲများကို ကြုံတွေ့ရလျက်ရှိကြောင်း၊ ထိုသို့ ကြုံတွေ့နေရသည့်အချိန်တွင် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန် အောင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ပို့ဆောင်ရေးစနစ်များတွင် လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေးဟူ၍ရှိပြီး ရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ ပို့ဆောင်ပေးနိုင်သည့် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ရထားကိုအသုံးပြုခြင်းကြောင့် လောင်စာဆီများသုံးစွဲရမှုကိုလည်း သက်သာစေနိုင်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်ကို ပြည်သူများပိုမို အားကိုးလာစေရေး ရထားနှင့်ပတ်သက်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် ပို့ဆောင်နိုင်မည်ဆိုပါက ရထားကိုစီးနင်းသုံးစွဲသူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ် ပို့ဆောင်ပြေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်နေရန်လိုကြောင်း။
ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်စသည့် ရထားလမ်းများကို ဦးစားပေးအနေဖြင့် အဆင့်မြှင့်တင်ပြုပြင်သွားကြရမည်ဖြစ်ကြောင်း၊ ရထားတွဲများ မည်မျှပင်ကောင်းသည်ဖြစ်စေ ရထားလမ်းများကောင်းမွန်မှုမရှိပါက ထိရောက်ကောင်းမွန်မှုရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းများ အဆင့်မီကောင်းမွန်ရေးကို မဖြစ်မနေဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားလမ်းများကို အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရာတွင် ယခင်က ဂျပန်နိုင်ငံမှ ချေးငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းနေသဖြင့် နောက်ပိုင်းတွင် နိုင်ငံတော်၏ဘဏ္ဍာငွေမှစိုက်ထုတ်၍ အဆင့်မြှင့်တင်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူများ၏သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ ၇၅ ပေါင်သံလမ်းများကိုလည်း အဆင့်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ၁၁၀ ပေါင်သံလမ်းများ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက်လည်း ဆက်လက်လျာထား စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရထားလမ်းများကောင်းမွန်စေရေးအတွက် အဓိကအနေဖြင့်ကျောက်များ သတ်မှတ်ချက်များနှင့်အညီစံချိန်စံညွှန်း ပြည့်မီစွာထည့်သွင်းနိုင်ရမည်ဖြစ်ကြောင်း၊ ကျောက်များအား သတ်မှတ်ချက်များနှင့်အညီ ပြည့်မီအောင်ထည့်သွင်းထားရှိခြင်းဖြင့် ဇလီဖားတုံးများအား ထိန်းညှိပေးခြင်း၊ ဝန်ကိုမျှတစေခြင်း၊ တုန်ခါမှုများအား ထိန်းညှိပေးခြင်း၊ ရေစီးရေလာကို ကောင်းမွန်စေခြင်း၊ လမ်းကြောင်းတစ်လျှောက် ပေါင်းမြက်နှင့် အပင်များပေါက်ရောက်မှုကို လျှော့ချပေးခြင်း၊ အသံနှင့်အပူတို့ကို လျှော့ချပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရေး ကျောက်များခင်းကျင်းခြင်းကို စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည့် ကျောက်များရရှိရန်အတွက်လည်း မိမိတို့အနေဖြင့် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချသွားကြရန်လိုကြောင်း။
ရထားလမ်းအဆင့်မီရေးတွင် ကျောက်ပြည့်မီအောင် ဖြည့်သွင်းဆောင်ရွက်ခြင်းသည် အရေးကြီးသကဲ့သို့ ဇလီဖားတုံးများအား သတ်မှတ်ထားသည့် အကွာအဝေးများ၌ အရေအတွက်ပြည့်မီစွာဖြင့် အရည်အသွေးပြည့်မီအောင် ထည့်သွင်းထားရှိရန်လည်းလိုအပ်ကြောင်း၊ ထို့ပြင် ရထားလမ်းကွေ့နေရာများကိုလည်း သတ်မှတ်အမြန်နှုန်းနှင့်အညီ မောင်းနှင်နိုင်ရေး စနစ်တကျလေ့လာ၍ ပြန်လည်တွက်ချက်ပြင်ဆင်ခြင်း၊ Super Elevation များထည့်သွင်းခြင်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၇၅ ပေါင် စံကိုက်လမ်းကို အမြန်နှုန်းမည်မျှအထိ မောင်းနှင်နိုင်မည်ကို စမ်းသပ်မောင်းနှင်သွားရန်လိုကြောင်း၊ အမြန်နှုန်းများမြှင့်တင် ဆောင်ရွက်နိုင်ခြင်းဖြင့် ခရီးသွားပြည်သူများအတွက် အချိန်ကုန်သက်သာစေနိုင်မည်ဖြစ်ကြောင်း။
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထားလမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကိုလည်း လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ စင်္ကြံနှင့်ရထားကြမ်းခင်းများ Level ညီရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကကျသည့်ဘူတာများကို ကြိုတင်ပြင်ဆင်ပြီး ကျန်ရှိသည့်ဘူတာငယ်များကို ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိ ရထားလမ်းကူးများ၊ တံတားများနှင့်ပတ်သက်၍လည်း ရထားသံလမ်းများအဆင့်မြှင့်တင်သွားမည်ဆိုပါက တံတားများကိုလည်း မြှင့်တင်နိုင်ရေးစနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းကြောင်းများတစ်လျှောက်၌ အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများ၌လည်း ကုန်းကျော်တံတားများတည်ဆောက်ခြင်း၊ လမ်းကူးအချက်ပြစနစ်များ စနစ်တကျဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊ ရထားဖြတ်သန်းချိန်၌ ဂိတ်တံခါးများ စနစ်တကျဖြင့် အဖွင့်၊ အပိတ်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း စနစ်တကျဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းတစ်လျှောက်၌ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်အနာဂတ်ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြုနိုင်သည်အထိ စနစ်တကျ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း။
ရထားတွဲများ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍လည်း ရထားတွဲများအား စံနှုန်းတစ်ခု သတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက မီးရထားတွဲများ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ပြည်တွင်း၌ ရထားတွဲများ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားတွဲများ၏ အလျား၊ အနံများအနေဖြင့် တူညီမှုမရှိကြသည်ကိုလည်း လေ့လာတွေ့ရှိရသဖြင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ရထားတွဲများဖြစ်စေရေး၊ ခရီးသွားပြည်သူများ ချောင်ချောင်ချိချိ သက်သက်သာသာဖြင့် စီးနင်းနိုင်သည့် ရထားတွဲများဖြစ်စေရေး စနစ်တကျဖြင့်လေ့လာ၍ သုတေသနပြု တွက်ချက်တည်ဆောက်ထုတ်လုပ်သွားကြရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ဘတ္ထရီ လျှပ်စစ်စက်ခေါင်း (Battery Electric Locomotives - BEL) နှင့် ဘတ္ထရီလျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit - BEMU) များကို တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြစ်ရန်လိုကြောင်း။
မီးရထားတွဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စံနှုန်းတစ်ခုအား သတ်မှတ်သွားရန်လိုပြီး နောင်တွင် ပုဂ္ဂလိကမီးရထားလုပ်ငန်းများ ပေါ်ပေါက်လာပါကလည်း ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီဖြစ်ရန်လိုကြောင်း၊ မီးရထားစီး ခရီးသည်များအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်စေရေး အသိပညာပေးခြင်း၊ ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ မီးရထားဝန်ထမ်း များအနေဖြင့်လည်း မိမိတို့၏ မီးရထားတွဲများအားလုံး သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အသေးစိတ်မှစ၍ ဝန်ဆောင်မှုကောင်းပေးနိုင်ရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မီးရထားစီးနင်းသူ ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီလိုက်နာ၍ စီးနင်းလိုက်ပါရေးအတွက်လည်း မီးရထားဝန်ထမ်းများက တိုက်တွန်းဆောင်ရွက်သွား ရန်လိုကြောင်း။
ရထားခေါင်းတွဲများနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် အသုံးပြုနေသည့် ရထားစက်ခေါင်းအမျိုးအစားများစွာရှိပြီး မည်သည့်ရထားစက်ခေါင်းကို အသုံးပြုသည်ဖြစ်စေ စက်ခေါင်းကောင်းမွန်ကြံ့ခိုင်မှုရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားစက်ခေါင်းများ၊ ရထားတွဲများအားလုံး ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေးအတွက် စနစ်ကျနသည့် စစ်ဆေးမှုရှိရန်လိုပြီး အသုံးပြုနေသည့်ကာလအတွင်း စနစ်များအားလုံး ကောင်းမွန်နေစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများ၊ မီးရထားတွဲများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆေးများစနစ်တကျဖြစ်စေရေးနှင့် ရထားတွဲများအားလုံးကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းများ ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထည့်သွင်းစဉ်းစားရန်လို
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးအတွက်ကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အသွားအလာများပြားသည့် ရန်ကုန်-ပြည်လမ်းပိုင်းကို ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်အထိ သွားရောက်နိုင်သည့် ရထားလမ်းတည်ဆောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ရေးနှင့်ထားဝယ်အပိုင်းတွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ်ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင်သည့် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သောလမ်းတစ်ခုဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်-ပုဂံ သွားရထားလမ်းအား ပြန်လည်ပြင်ဆင်အဆင့်မြှင့် တင်ရာတွင်လည်း သာယာလှပပြီး ရှုမောဖွယ်ဖြစ်သည့် ရှုမျှော်ခင်းများပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များအနေဖြင့် သာယာသည့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုစီးနင်းလိုက်ပါကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားစေတီပုထိုးများကို ရောက်ရှိဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရထားစီးခရီးသည်များနှင့် ခရီးသွားများကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း။
ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-သီပေါ မီးရထားလမ်းကြောင်း၊ သာစည်-ကလော-တောင်ကြီး-နောင်ကား မီးရထားလမ်းကြောင်းတို့အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ပုံမှန်အတိုင်း ပြေးဆွဲပေးနိုင်ရန်လိုကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ လွန်းထိုးရှောင်လမ်းများ ရှာဖွေ၍ လွန်းထိုးများလျှော့ချခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း Video Clip အားကြည့်ရှုကြသည်။
ယင်းနောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက မြန်မာ့မီးရထားသမိုင်းအကျဉ်း၊ လက်ရှိပြေးဆွဲလျက်ရှိသည့် ရထားလမ်းပိုင်းများနှင့် လူစီးရထားများ၊ ကုန်ရထားများ ပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရထားလမ်းပိုင်း၊ တံတားနှင့် ဘူတာရုံများ အသစ်တည်ဆောက်ခြင်း ပြုပြင်ခြင်းများဆောင်ရွက်ခဲ့မှု၊ မီးရထားစက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ခဲ့မှု၊ ဘက်ထရီလျှပ်စစ် စက်ခေါင်းသစ်များ တည်ဆောက်ထုတ်လုပ်နေမှုနှင့် ထုတ်လုပ်တပ်ဆင်ပြီးသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲလျက်ရှိမှု၊ ရေနွေးငွေ့စက်ခေါင်းများ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှု၊ DEMU များ ရောက်ရှိပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ တွဲအသစ်များဝယ်ယူတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ လက်ရှိဆောင်ရွက်နေသည့် စက်ခေါင်းနှင့်တွဲ ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဘတ္တရီလျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit BEMU) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရထားလမ်းပိုင်းများနှင့် တံတားများ ဆက်လက်တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတည်နေရာနှင့် သမိုင်းအကျဉ်း၊ ဖွဲ့စည်းပုံ၊ လေ့ကျင့်ရေးနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ မြန်မာ့မီးရထားဆိုင်ရာ သင်တန်းများတွင် စစ်သည်သင်တန်းသားများ ပါဝင်တက်ရောက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ၊ ဘူတာရုံအသစ်များတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ကြိုတင်တွက်ချက်ပြီးမှသာ တည်ဆောက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများအား ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားတွဲများ တည်ဆောက်မှုနှင့်ပတ်သက်၍ ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘက်တ္ထရီစက်ခေါင်းဖြင့်မောင်းနှင်ခြင်းနှင့် လျှပ်စစ်ကြိုးသွယ်တန်း၍ မောင်းနှင်ခြင်းတို့၏ အားသာချက်နှင့် အားနည်းချက်များကို ဖော်ထုတ်သွားရန်လိုကြောင်း။
မီးရထားဝန်ထမ်းများ ဖွဲ့စည်းခန့်အပ်ထားရှိမှုနှင့်ပတ်သက်၍လည်း စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာအဆင့်အလိုက် ရာထူးများခန့်အပ်ခြင်း၊ ထောက်ပံ့ရေးစရိတ်များထုတ်ပေးခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သည်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြားနိုင်ငံများ၏ ရထားပို့ဆောင်ရေးနှင့်ပတ်သက်သည့် ဖွင့်လှစ်လျက်ရှိသော သင်တန်းများကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင် မီးရထားပြေးဆွဲမှုအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) အတွင်း၌ ဘတ္ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များ၊ ဘတ္ထရီလျှပ်စစ်စက်ခေါင်းသစ် (BEL) များနှင့် ဘက်ထရီတွဲများ တည်ဆောက်နေ မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဘတ္ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များကို ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများအတွက်သာမက ခရီးရှည်များတွင် အသုံးပြုနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
