Skip to main content

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပြဋ္ဌာန်းမည့် ဥပဒေကြမ်းကို ကြိုဆို

နိုင်ငံတော်အစိုးရသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်လျက်ရှိသော်လည်း အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ကြသည့် ပြည်ပနိုင်ငံသားများအား နေ့စဉ်ဖော်ထုတ်ဖမ်းဆီးရမိနေသည်ကို တွေ့မြင်နေရသည်။ နိုင်ငံတစ်နိုင်ငံ၏ပိုင်နက် နယ်မြေအတွင်းသို့ ကျူးကျော်ဝင်လာမှုများမှာ အန္တရာယ်ကြီးမားသောကိစ္စဖြစ်သော်လည်း ထိုသို့ဆက်လက်ပြုလုပ်နေခြင်းသည် အကျိုးအမြတ်ကြီးကြီးမားမားရရှိသောကြောင့် အန္တရာယ်ကိုမမှုဘဲ ဆက်လက်ကျူးလွန်နေကြသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာတိုက်ဖျက်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသများမှတစ်ဆင့် နိုင်ငံတော်အတွင်းသို့ တရားမဝင်ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည် မှုဆိုင်ရာမှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှကာကွယ်ရေး၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာမှုခင်းများကို အမြစ်ပြတ်ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရေး၊ အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုကို တားဆီးကာကွယ်ရေး၊ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်နိုင်ရေးစသည့် နိုင်ငံတော်ကဆောင်ရွက်မည့် ဥပဒေမူကြမ်းပါ ရည်ရွယ်ချက်များက လျော်ကန်သင့်မြတ်ကောင်းမွန်ပေသည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ရွယ်ချက်များအရ နိုင်ငံတော်အတွင်း တရားမဝင် ဝင်ရောက်လာသူများကို နိုင်ငံတော်အစိုးရ လုံခြုံရေးအဖွဲ့အစည်းများက ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် အရေးယူတားဆီးကာကွယ်နေသလို အွန်လိုင်းလိမ်လည်မှုများကို အဆက်မပြတ်ကျူးလွန်နိုင်ရန်အတွက် အထောက်အပံ့တွန်းအားများကိုလည်း ကြပ်မတ်ထိန်းကျောင်း ပိတ်ပင်တားဆီးအရေးယူကြရမည်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုသည် အများပြည်သူတို့အနေဖြင့် အသိအမြင်ဗဟုသုတနှင့် ဆင်ခြင်တုံတရားအားနည်းခြင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် နည်းပညာနှင့်ပစ္စည်းအထောက်အပံ့များရရှိခြင်းနှင့် အဓိကအသက်သွေးကြောဖြစ်သည့် တရားမဝင်ငွေကြေးစီးဆင်းမှုအလုပ်ဖြစ်နေခြင်းတို့သည် အားကောင်းစေသော အချက်များဖြစ်သည်။

ထို့ကြောင့် ဖြစ်ပေါ်နေသည့်အခြေအနေများအရ အားနည်းချက်များကို ပြန်လည်ပြင်ဆင်တည့်မတ်ပြီး အဆိုပါအရေးကြီးသည့် အချက်သုံးချက်အပါအဝင် ပိုမိုအားကောင်းပြီး ထိရောက်စွာဆောင်ရွက်နိုင်သည့် ဥပဒေမူကြမ်းပါ အချက်များနှင့်အညီ အွန်လိုင်းလိမ်လည်မှု အမြစ်ပါမကျန် ပပျောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကကျသည့် လုံခြုံရေးစနစ်၊ ဆက်သွယ်ရေးစနစ်၊ ငွေရေးကြေးရေးစနစ်နှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုစနစ်များ လုံခြုံစိတ်ချရေးသည် အရေးကြီးသောအချက်များဖြစ်သည်။ ထို့ကြောင့် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများ၊ အီလက်ထရောနစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နောက်ဆုံးပေါ် အွန်လိုင်းလိမ်လည်မှုပုံစံများကို အများပြည်သူသိရှိစေရန် သတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သဖြင့် နည်းပညာနှင့်အထောက်အပံ့များ မြန်မာနိုင်ငံမှရရှိခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးပြီးပြည်ပနိုင်ငံများမှရရှိလာခြင်းဖြစ်ရာ နည်းပညာနှင့်ပစ္စည်းများ အထောက်အပံ့ပေးရာ၊ ငွေကြေးများ၏ စီးဆင်းရာလမ်းကြောင်းများကို မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများကလည်း စုံစမ်းဖော်ထုတ် ထိန်းချုပ်ကန့်သတ်အရေးယူခြင်းများကို ထိထိရောက်ရောက် လက်တွဲပူးပေါင်းဆောင်ရွက်သွားသင့်ပေသည်။ ယခုအခါ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို မြန်မာနိုင်ငံအနေဖြင့် ရေးဆွဲအကောင်အထည်ဖော်နေပြီဖြစ်ရာ ဥပဒေကြမ်းတွင် အရေးကြီးသော ဆောင်ရွက်ရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ထိထိရောက်ရောက်ရေးဆွဲဖော်ပြထားသဖြင့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ ယခုထက်ပိုမို ထိရောက်စွာတိုက်ဖျက် နှိမ်နင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။