နေပြည်တော် မေ ၁၄
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်သည်။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးအထိရှိပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်နှစ်ခု ဖွင့်လှစ်တက်ရောက် လေ့ကျင့်လျက်ရှိကြောင်း။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့များအနေဖြင့် အင်အားအချက်အလက်အမှန်ရရှိရေး မိမိနယ်မြေအတွင်း အကျုံးဝင်သူအင်အား စာရင်းကိုသက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့်ပေါင်းစပ်၍ စာရင်းပြုစုမှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမည်ဖြစ်ကြောင်း။
ယခုအခါ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
