နေပြည်တော် မေ ၂၁
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ SME Center ၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးဟောပြောပွဲသည် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအပေါ်မူတည်ပြီး ထုတ်ပြန်ထားရှိသည့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co.,Ltd.(TPE) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆာဂေး အေ ကိုပီလော့ပ် (Mr.Sergey A. Kopylov) ဦးဆောင်သည့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ စွန့်ပစ်အပူသုံးဓာတ်အားထုတ်လုပ်ရေး အလုပ်ရုံ (HRPS) အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ Romelt နည်းစဉ်ဖြင့် ဆောင်ရွက်မည့်သံရည်ကျိုအလုပ်ရုံ ပြန်လည် လည်ပတ်နိုင်ရေးနှင့်ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအား လိုအပ်ချက်အပေါ်မူတည်၍ ညှိနှိုင်းပြင်ဆင်ချုပ်ဆိုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
သတင်းစဉ်
