Skip to main content

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို မန္တလေးမြို့၊ ၃၄လမ်းနှင့် ၃၅လမ်း ကြား၊ ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးတင်မြင့်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များပက်ဖြန်းသည်။ ထို့နောက် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးပြီး ဝန်ထမ်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာသည် အာရ်စီ(၄)ခန်းတွဲ (၄)ထပ် အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် Myanmar Land & Development Co.Ltd မှ တာဝန်ယူ၍ ၅.၄.၂၀၁၉ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၃၀.၉.၂၀၁၉ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)