Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်း ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားတက်ရောက်

မန္တလေး ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံငါးခုဖြစ်သည့် သန့်ရှင်းသူအပေါင်းခရစ်ယာန်ဘုရားကျောင်း (All Saint Church) ၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မြန်မာနိုင်ငံအတွင်း နှစ်တစ်ရာသက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံပေါင်း ၁၁၅ လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်တစ်ရာကျော်သည့် အဆောက်အအုံများကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ သတ်မှတ်သည့်အခါ သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာနှင့် အနုလက်ရာတည်ရှိမှုအခြေအနေ၊ မူလလက်ရာကျန်ရှိခြင်း ရှိ၊ မရှိ၊ အဆောက်အအုံ၏ တည်နေရာနှင့် ပတ်ဝန်းကျင်အနေအထားတို့ကို ကြည့်ရှု၍ ဆောင်ရွက်ရပါကြောင်း ပြောကြားသည်။

ကမ္ပည်းကြေးပြား တပ်ဆင်

ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သန့်ရှင်းသူအပေါင်း ခရစ်ယာန်ဘုရားကျောင်း (All Saint Church) ၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်