ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Doordarshan (DD India News) သတင်းဌာနက သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး အဆိုပါမေးမြန်းဖြေကြားချက်အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
မေး။ ။ သမ္မတကြီးအနေနဲ့ အိန္ဒိယနိုင်ငံကို ပထမဆုံးပြည်ပနိုင်ငံခရီးစဉ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံဟာ လူမှုယဉ်ကျေးမှုဆိုင်ရာအပြန်အလှန် ထိတွေ့ဆက်နွှယ်မှုရှိကြတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အဆွေတော်သမ္မတကြီးအနေနဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဖော်ပြမယ်ဆိုရင် ဘယ်လိုဖော်ပြမလဲ သိချင်ပါတယ်။
ဖြေ။ ။ ပထမကျွန်တော်လာမယ့် အစီအစဉ်ကတော့ အိန္ဒိယနိုင်ငံက ဦးစီးဆောင်ရွက်မယ့် အပြည်ပြည်ဆိုင်ရာ ကြောင်သတ္တဝါကြီးများ ညီလာခံကိုတက်ဖို့ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီညီလာခံက အာဖရိကနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ အီဘိုလာရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအစည်းအဝေးနဲ့ဆက်စပ်ပြီး ကျွန်တော်လည်း အိန္ဒိယနိုင်ငံကို မရောက်တာလည်းကြာပါပြီ။ ၂၀၁၉ ခုနှစ်က ကျွန်တော်နောက်ဆုံးရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အိန္ဒိယနိုင်ငံမှာ အစည်းအဝေးတက်ရင်းနဲ့ Official Visit တစ်ခု ကျွန်တော်တို့ဆောင်ရွက်မယ်ဆိုပြီးတော့ နှစ်ဖက်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးဖျက်သိမ်းပေမယ့်လည်း ကျွန်တော်ဒီတရားဝင်ချစ်ကြည်ရေးခရီးလာဖို့ အစီအစဉ်ကိုမဖျက်သိမ်းဘဲ အိန္ဒိယနိုင်ငံကို လာခဲ့ခြင်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ နှစ်ဖက်ပြည်သူတွေ၊ နှစ်နိုင်ငံအစိုးရတွေ စသည်ဖြင့် ဒီလိုဆက်ဆံမှုမျိုးတွေက အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် အိန္ဒိယနိုင်ငံကို ၂၀၁၀ ပြည့်နှစ်က စရောက်ခဲ့တာ ဖြစ်ပြီးတော့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံကို ကျွန်တော့်အတွက်ကတော့လာဖို့ သင့်တဲ့အိမ်နီးနားချင်းနိုင်ငံတစ်ခုဖြစ်တယ်လို့ ယူဆလို့ ဒီခရီးစဉ်ကိုဖြစ်အောင် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ ။ သမ္မတကြီးခင်ဗျာ၊ သမ္မတကြီးအနေနဲ့ ဗုဒ္ဓဂယာမှာရှိတဲ့ မြင့်မြတ်သော မဟာဗောဓိကျောင်းတော်ကြီးဆီကို သွားရောက်ဖူးမြော်ခဲ့တာရှိပါတယ်။ ခုနကပြောခဲ့သလို ပြည်သူအချင်းချင်းကြားမှာ ထိတွေ့ဆက်ဆံမှုတွေ များစွာရှိတယ်ဆိုတာလည်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဟာ နှစ်နိုင်ငံပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု၊ ဆက်နွှယ်မှုရဲ့ အဓိကအကြောင်းအရာ ဖြစ်တယ်လို့ထင်ပါသလား။
ဖြေ။ ။ ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာဆိုတာ အိန္ဒိယနိုင်ငံကနေတစ်ဆင့် ပြန့်ပွားလာတာ ဖြစ်ပါတယ်။ ဗုဒ္ဓဂယာက ဘုရားပွင့်တဲ့နေရာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်တော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် အင်မတန်အလေးအမြတ်ထားပါတယ်။ မြန်မာတိုင်းက ဗုဒ္ဓဘာသာကို အလေးအမြတ်ထားသလို ဗုဒ္ဓဂယာနဲ့ပတ်သက်လို့ရှိရင် တော်တော်လေး အလေးအမြတ်ထားတဲ့ အနေအထားရှိတယ်။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် လေးကြိမ်ရောက်ဖူးတယ်။ အိန္ဒိယနိုင်ငံကို ခရီးစဉ်လာလို့ရှိရင် ဗုဒ္ဓဂယာကိုဖြစ်အောင် ကျွန်တော်စီစဉ်ပါတယ်။ ကျွန်တော် ၃၀ ရက်နေ့က လာတဲ့ခရီးစဉ်မှာလည်း ကျွန်တော်တို့ နေပြည်တော်ကနေ ဒီကိုလာမယ်ဆိုရင် လမ်းပေါ် On the way မှာပဲ ရောက်နိုင်တဲ့နေရာဖြစ်တော့ ဒါကိုရောက်အောင် ကျွန်တော်တို့စီစဉ်ခဲ့တာပါ။ နောက်ပိုပြီးတော့ ထူးဆန်းအံ့ဩဖို့ကောင်းတာက အဲဒီနေ့က ကျွန်တော်တို့ မြန်မာအနေနဲ့ပြောရင် နယုန်လပြည့်နေ့ ဖြစ်ပါတယ်။ အင်မတန်ထူးခြားတဲ့ လပြည့်နေ့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အဖွဲ့ဝင်တွေ ဗုဒ္ဓဂယာဖူးမြော်ခွင့်ရတာလည်း အင်မတန်ထူးခြားတဲ့ ကုသိုလ်ထူးတစ်ခုလို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ရှိရင် နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဗုဒ္ဓဂယာသည် အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
မေး။ ။ သမ္မတကြီးခင်ဗျာ၊ ဆက်လက်ပြီးတော့ သမ္မတကြီးနဲ့ ဝန်ကြီးချုပ်မစ္စတာမိုဒီတို့ တွေ့ဆုံခဲ့တဲ့ဆွေးနွေးမှုအကြောင်း ဆွေးနွေးလိုပါတယ်။ ဆွေးနွေးပွဲမှာ အဓိကဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ ။ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အများကြီးရှိပါတယ်။ ကျွန်တော်လာတဲ့ ရည်ရွယ်ချက်ထဲမှာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စတွေပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်။ နောက်တစ်ခါ အိန္ဒိယနိုင်ငံကနေမြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေ၊ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ သင့်တော်တဲ့အရာတွေကို ကျွန်တော်တို့ ရယူနိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း စသည်ဖြင့် ကဏ္ဍပေါင်းစုံ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ နှစ်နာရီ ကျော်ကျော်လောက် ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နိုင်ခဲ့တယ်။ အောင်မြင်တဲ့ ရလဒ်တစ်ခုကိုရရှိခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
မေး။ ။ သမ္မတကြီးခင်ဗျာ၊ သမ္မတကြီး ခုနကနှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့လည်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိကာလမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်ပဲ ရှိပါသေးတယ်။ ပြီးတော့ အိန္ဒိယက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ အိန္ဒိယကုန်သည်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ စီးပွားရေးဖိုရမ်မှာ ဘယ်နယ်ပယ်ကို အဓိကထားပြီး ဆွေးနွေးပြောကြားခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ အိန္ဒိယဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်ကုန်သွယ်မှု ၂ ဘီလီယံကျော် လောက်ရှိပါတယ်။ မြန်မာနိုင်ငံက ပို့ကုန်ပိုများပါတယ်။ အိန္ဒိယကသွင်းကုန်တော့နည်းပါတယ်။ ကျွန်တော်က အိန္ဒိယသွင်းကုန်တွေ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့က ရှင်းပြတာပါ။ ဥပမာအားဖြင့် သံနဲ့သံမဏိပစ္စည်းတွေရှိတယ်၊ ဆေးဝါးတွေရှိတယ်၊ အထည်လုပ်ငန်းတွေရှိတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို တိုးမြှင့်တင်ပို့နိုင်ဖို့ အိန္ဒိယလုပ်ငန်းရှင်တွေကို ကျွန်တော်တို့က ရှင်းပြတာပါ။ ပြီးရင်ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့မှ ကုန်ထုတ်လုပ်မှုတွေလုပ်၊ ပြီးလို့ရှိရင် မြန်မာနိုင်ငံက ဈေးကွက်ကိုလည်းရောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းတိုင်းပြည်တွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေကိုလည်းရောင်း၊ မြန်မာနိုင်ငံဈေးကွက်တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက လူဦးရေသန်း ၅၀ လောက်ပဲရှိတဲ့ ဈေးကွက်ပါ။ ဒါပေမယ့် ဟိုဘက်နိုင်ငံတွေနဲ့ ပေါင်းလိုက်ရင် လူပေါင်းသန်း ၂၀၀ နီးပါးလောက် ဈေးကွက်တစ်ခု ထပ်ရလာနိုင်စရာရှိတယ်။ ဒါ့ကြောင့်အဲဒီဈေးကွက်ကိုလည်း ရောင်းနိုင်အောင်ကြိုးစားဖို့ ကျွန်တော်ရှင်းပြတာပါ။ တော်တော်များများကတော့ စိတ်ဝင်စားမှုရှိကြပါတယ်။ အဓိကကတော့ ကုန်သွယ်မှုမြှင့်တင်ရေးပါပဲ။ ခင်ဗျားခုနက အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ၃ ဘီလီယံရအောင် Target ထားပါတယ်။ ဒါက ပထမအဆင့်ပါ။ နောက်တစ်ခါ မကြာတော့တဲ့ကာလမှာ ဒုတိယအဆင့်အဖြစ် ၅ ဘီလီယံအထိ တိုးချဲ့မှာဖြစ်ပါတယ်။ အဲဒီကနေ ပြီးတော့ ကျွန်တော်တို့ တဖြည်းဖြည်းတိုးချဲ့သွားမှာပါ။ အိန္ဒိယကို မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအများကြီးရှိပါတယ်။ ဥပမာပဲနဲ့ ပတ်သက်တာတွေ ရှိတယ်။ သစ်တောထွက်ပစ္စည်းနဲ့ ပတ်သက်တဲ့ ပို့ကုန်တွေရှိတယ်၊ သတ္တုနဲ့ပတ်သက်တဲ့ ပို့ကုန်တွေရှိတယ်။ အခြားစိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ပို့ကုန်ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ရော်ဘာလိုမျိုး၊ ချည်မျှင်ကဏ္ဍဆိုရင် ဝါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်လို့ရတဲ့ ဟာတွေရှိပါတယ်။ လူတွေကတော့ နှစ်ဖက်အကျိုးစီးပွား ဖော်ဆောင်နိုင်မယ်ဆိုရင် စိတ်ဝင်စားမှာပဲ။ ကူးလူးဆက်ဆံမှုဆိုတာ အကျိုးစီးပွားအပေါ်မှာပဲ။ သို့သော် ကျွန်တော်မနေ့က ပြောပြတယ်။ အမြတ်ကို အဓိကမထားဘဲ များများကုန်သွယ်မှုရှိအောင် လုပ်ကြဖို့ပါ။ အမြတ်နည်းနည်းနဲ့ များများရောင်းကြဖို့ပါ။ မြန်မာနိုင်ငံကလည်း အမြတ်နည်းနည်းနဲ့ များများရောင်းဖို့ ကြိုးစားမယ်။ အိန္ဒိယကလည်း အမြတ်အစွန်းနည်းနည်းယူပြီး များများရောင်းဖို့ ကြိုးစားမယ်။ ဒါတော့လိုအပ်ပါတယ်။ ကုန်သည်တွေဆိုတာကတော့ အကျိုးအမြတ်တစ်ခုတော့ တွက်ပါတယ်။ သို့သော် ကျွန်တော်က ဒါကိုသိပ်ဦးစားမပေးဘဲ ထိုက်သင့်တဲ့အမြတ်ကိုယူပါ။ အဓိကကတော့ Value ကို မြှင့်တင်ဖို့ဖြစ်ပါတယ်၊ ကုန်သွယ်မှုပမာဏတွေကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ ဒီလိုသွားချင်တာပါ။
မေး။ ။ အိန္ဒိယက အရှေ့နဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒ၊ အိမ်နီးချင်း ပထမဦးစားပေးမူဝါဒကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကိုသက်သေပြတာဘာလဲဆိုရင် မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်တဲ့အချိန်မှာ အိန္ဒိယနိုင်ငံက ပထမဆုံးကူညီဆောင်ရွက်ပေးခဲ့တာက သက်သေပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ စွမ်းရည်တိုးတက်အောင်အတွက် အိန္ဒိယနိုင်ငံကလိုအပ်သလို အားပေးကူညီဆောင်ရွက်နေတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအချက်တွေမူတည်ပြီး သမ္မတကြီးအနေနဲ့ အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖြစ် ဘယ်လိုရှုမြင် သုံးသပ်ထားသလဲဆိုတာ သိရှိလိုပါတယ်ခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ပြောရရင် ကဏ္ဍပေါင်းစုံအများကြီးရှိပါတယ်။ စောစောကပြောတဲ့ ကျွန်တော်ရှင်းပြတဲ့ဟာတွေအပြင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတွေ၊ ဥပမာရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းတဲ့ ကဏ္ဍတွေဆိုပြီးရှိတယ်။ စက်မှုပိုင်းဆိုင်ရာမှာလည်း ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ချင်ရင် ရေရှည်မှာ ကျွန်တော်တို့ စက်မှုပိုင်းဆိုင်ရာတွေ အများကြီးလိုအပ်ပါတယ်။ နောက် IT နဲ့ပတ်သက်တာပါ။ အိန္ဒိယက IT မှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် IT နဲ့ပတ်သက်လို့ အိန္ဒိယနဲ့ကျွန်တော်တို့ ပူးပေါင်းမယ်ဆိုရင် အများကြီးအခွင့်အလမ်းရှိပါတယ်။ မြန်မာနိုင်ငံမှာ IT နဲ့ပတ်သက်တဲ့ မြို့တော်စီမံကိန်းတစ်ခု ကျွန်တော်တို့ လုပ်နေတယ်။ ရတနာပုံဆိုက်ဘာစီးတီးဆိုပြီးတော့ လုပ်နေတယ်။ အရင်ကတော့ မေမြို့လို့ခေါ်တယ်၊ အခုတော့ ပြင်ဦးလွင်လို့ခေါ်တဲ့မြို့ပါ။ ကိုလိုနီခေတ်တုန်းကတော့ အပန်းဖြေတဲ့မြို့အဖြစ် နာမည်ကြီးတယ်။ အဲဒီမှာ IT မြို့တော်တစ်ခု လုပ်နေတာ၊ ပြန်အကောင် အထည်ဖော်နေတာရှိတယ်။ ဒါလည်း အိန္ဒိယကအိုင်တီပညာနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေလာပြီးတော့ လုပ်မယ်ဆိုရင် အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ တော်တော်ကျယ်ပြန့်ပါတယ်။ အိန္ဒိယကလည်း အတွေ့အကြုံရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်အိန္ဒိယနိုင်ငံက အများကြီးအထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး။ ။ သမ္မတကြီးခင်ဗျာ၊ လက်ရှိမှာ မိမိတို့အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား အဝေးပြေးလမ်းမကြီးစီမံကိန်းကို လွန်ခဲ့တဲ့နှစ်တော်ကြာကာလကတည်းက အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီစီမံကိန်းတွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ၊ ပြီးတော့ဒေသအတွင်း ကူးလူးဆက်ဆံဆက်သွယ်မယ့် နယ်ပယ်နဲ့ပတ်သက်တဲ့ အမြင်ကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒီသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းက မြန်မာရယ်၊ ထိုင်းရယ်၊ အိန္ဒိယရယ်၊ ဒီလမ်းက မိုင်ပေါင်း ၈၀၀ ကျော် လောက်ရှည်ပါတယ်။ ထိုင်းနဲ့မြန်မာလမ်းကြောင်းတွေကတော့ တော်တော်များများပွင့်နေပြီ၊ သွားနေကြတာဖြစ်ပါတယ်။ အိန္ဒိယဘက်အခြမ်းက အရေးကြီးပါတယ်။ အိန္ဒိယအရှေ့မြောက်ဒေသ မိုရေး(moreh)နဲ့ ကျွန်တော်တို့တမူးကို ဆက်သွယ်တဲ့အပေါက်ပါ။ ဒါကတော့ အိန္ဒိယနိုင်ငံအတွက် ပိုပြီးတော့အရေးကြီးပါတယ်။ အရေးကြီးတယ်ဆိုတာ မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ် ရေးကနေတစ်ဆင့်လာနိုင်ဖို့ တစ်ချက်ရယ်၊ အိန္ဒိယပြည်သူပြည်သားတွေ မြန်မာနိုင်ငံကို နယ်စပ်ဂိတ်ကနေပြီးတော့ မြန်မာနိုင်ငံကို ကူးလူးဆက်ဆံနိုင်ဖို့အတွက်ရယ် ဒီနှစ်ခုကို ပိုပြီးဦးစားပေးစဉ်းစားရမှာပါ။ ကျွန်တော်တို့ လုံခြုံရေးအခြေအနေအရ တချို့အရာတွေမှာ အခက်အခဲနည်းနည်းရှိလို့ ဒီစီမံကိန်းကြီးက ရပ်ထားတာတွေရှိပါတယ်။ အခုလုံခြုံရေးတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်နေတာရှိပါတယ်။
ကျွန်တော်တို့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဲဒီနေရာတွေမှာ မတည်မငြိမ်ဖြစ်ခဲ့တယ်။ အဲဒီနေရာတွေကို တပ်မတော်က အကုန်လုံးရှင်းလင်းနေပါတယ်။ အဲဒီနယ်စပ်နဲ့နီးတဲ့ ကျွန်တော်တို့ရဲ့ အဓိကမြို့ကြီးတစ်မြို့ရှိပါတယ်။ ကလေးနဲ့ တမူးဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားနေတာရှိပါတယ်။ နယ်စပ်ဂိတ်ကိုဖွင့်လို့ရပြီ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး ထိုင်းနိုင်ငံကို သွားလို့ရပြီ။ အဓိကကတော့ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကို ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေပါတယ်။ အင်မတန်အလေးထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။
မေး။ ။ နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့နှစ်နိုင်ငံက စိုးရိမ်ပူပန်နေရတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းသွားမှာဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာ ၁၆၀၀ လောက် အပြန်အလှန်ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့်နယ်စပ်တစ်လျှောက်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုဟာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေလျက်ရှိပါတယ်။ ဒီကိစ္စတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ဘယ်လိုကောင်းအောင် ဆောင်ရွက်မလဲဆိုတာ၊ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မည်သည့်တစ်ဦးတစ်ယောက်ကိုမဆို မြန်မာ့မြေကို သုံးခွင့်မပြုဘူးဆိုတာနဲ့ ပတ်သက်ပြီး သမ္မတကြီးရဲ့အမြင်နဲ့ ပြောကြားချက်ကို သိရှိလိုပါတယ်။
ဖြေ။ ။ ဒီလက်နက်ကိုင်ပဋိပက္ခတွေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေက နိုင်ငံရေးအပေါ်မှာ အများကြီးတည်ခဲ့ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ နိုင်ငံရေးစနစ်က ဗဟိုအစိုးရဦးစီးတဲ့ နိုင်ငံရေးစနစ်နဲ့သွားခဲ့ကြတာပါ။ နောက်ပိုင်းမှာ သဘောထားကွဲလွဲမှုတွေရှိတယ်။ နောက်တစ်ခါ တိုင်းရင်းသားအဖွဲ့အစည်းတွေရှိတယ်။ နောက်တစ်ခါ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တောင်းဆိုတဲ့အဖွဲ့တွေရှိတယ်။ ဒီဟာတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတာပါ။ ပဋိပက္ခကနေ သူတို့ရဲ့ရပ်တည်မှုရအောင် မူးယစ်ဆေးဝါးတွေ ထုတ်တာကနေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့တာပါ။ သို့သော်ကျွန်တော်တို့ ၂၀၂၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်မှာတော့ ကျွန်တော်တို့ အတော်လေးကို ထိန်းချုပ်နိုင်တဲ့အနေအထား ဖြစ်သွားပါပြီ။ သို့သော်လည်းပဲ ၂၀၂၁ ခုနှစ်မှာတော့ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့မတည်ငြိမ်မှုတွေနဲ့အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက ပိုပြီးကြီးထွားလာခဲ့တာပါ။ ဒါကိုလည်း ကျွန်တော်တို့ အခုပြင်းပြင်းထန်ထန်နှိမ်နင်းနေတာ၊ အရေးယူနေတာရှိပါတယ်။ အိန္ဒိယနိုင်ငံကနေ ရရှိတဲ့သတင်းတွေကို မျှဝေပေးတာရှိသလို၊ အိန္ဒိယနိုင်ငံမှာလည်း ဖမ်းဆီးမှုတွေလုပ်တဲ့အတွက်ကြောင့်မို့ အတိုင်းအတာ တစ်ခုအထိတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ အိန္ဒိယ-မြန်မာဘက်ခြမ်းမှာ အတော်လေးထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ သို့သော် ကျွန်တော်ပြီးပြတ်အောင် လုပ်ဖို့ရှိတယ်။ အဲဒီမှာလုပ်နိုင်ဖို့ဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တည်ငြိမ်တဲ့နိုင်ငံရေးဖြစ်အောင် မြန်မာနိုင်ငံက လုပ်ရမှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံသွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီခိုင်ခိုင်မာမာဖြစ်အောင် ကျွန်တော်တို့သွားမယ်။ သွားမယ်ဆိုရင် ဒီမိုကရေစီအပေါ်၊ နိုင်ငံရေးအပေါ်မူတည်ပြီး တောင်းဆိုလာတဲ့၊ နောက်တစ်ခါတိုင်းရင်သားနဲ့ ပတ်သက်ပြီး တောင်းဆိုလာတာတွေကို ဒီမိုကရေစီစနစ်ကျစွာနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားကြဖို့ လိုပါတယ်။ အဲဒီလိုသွားမယ်ဆိုရင်တော့ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုတွေက အတိုင်းအတာတစ်ခု အထိတော့လျော့သွားမယ်။ အဲဒါဆိုရင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ချက်တွေလည်း အများကြီး ဖြစ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ဖက်က parallel သွားရမယ်၊ ဒီလိုလုပ်မှ ကျွန်တော်တို့ရမှာပေါ့။ ဒီလိုပဲ လက်နက်ကိုင်ဆူပူမှုတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေရှိတဲ့အတွက်ကြောင့် အိန္ဒိယနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေတဲ့သူတွေကလည်း သူတို့ရဲ့ အကာအကွယ်ယူပြီး အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်မှာ အိန္ဒိယနိုင်ငံကို နှောင့်ယှက်နေတာ ရှိပါတယ်။ ဒါတွေလည်း တစ်ပြိုင်တည်း လုပ်မယ်ဆိုရင် ရှင်းသွားမယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်အတိုင်းအတာတစ်ခုအထိ ရှင်းခဲ့ပြီးဖြစ်ပါတယ်။
အခု ဒီနေ့မနက်မှာလည်း အဆွေတော်တို့ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ ဒီကိစ္စကျွန်တော်ရှင်းပြပါတယ်။ အဲဒီအိန္ဒိယ-မြန်မာနယ်စပ်ဒေသမှာရှိတဲ့ နေရာတွေက တောတောင်ထူထပ်တဲ့ နေရာတွေ၊ သွားရလာရ အင်မတန်ခက်ခဲပါတယ်။ မိုးတွင်းဆိုရင် ပိုခက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်အခါခါရောက်ဖူးတဲ့ နေရာတွေဖြစ်ပါတယ်။ ကျွန်တော်က အဲဒီဒေသမှာ တပ်ရင်းမှူးလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ကျွန်တော်ကောင်းကောင်းကြီး သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီနယ်မြေနဲ့ပတ်သက်ပြီးတော့ မိုးမကျခင် ကာလမှာ လုံခြုံရေးအခြေအနေတိုးတက်အောင် ဆောင်ရွက်သွားဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ လုံခြုံရေးအခြေအနေ တိုးတက် ကောင်းမွန်လာပြီဆိုရင် ခုနကမေးလိုက်တဲ့ မေးခွန်းမှာ တိုင်းရင်းသား နဲ့ပတ်သက်တဲ့၊ လက်နက်ကိုင်နဲ့ပတ်သက်တဲ့၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နေတဲ့ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါးကိစ္စရပ်တွေ အများကြီးလျော့ကျသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မကြာခင်မှာလည်း ဒီဟာကိုအပြီးအပြတ် ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်။
မေး။ ။ သမ္မတကြီးတို့ရဲ့ မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာကာလ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ အခြေအနေဖြစ်နေတာကို သတိပြုမိပါတယ်။ ဒါကြောင့် သမ္မတကြီးတို့အနေနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းရေးရရှိဖို့၊ တိုင်းပြည်တည်ငြိမ်ဖို့ ဘယ်ကိစ္စ၊ ဘယ်ကဏ္ဍက လုပ်ဆောင်ရ အခက်ခဲဆုံးဖြစ်နေပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ အရေးကြီးဆုံးအခြေအနေပါပဲ။ နောက်လုံခြုံရေးကိစ္စပါ။ ငြိမ်းချမ်းရေးဘာကြောင့်မရှိသလဲဆိုရင် သဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးမရှိတာပါ။ သဘောထားကွဲလွဲမှုတွေနည်းအောင် ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုရအောင်ဖော်ဆောင်မယ်။ ကျွန်တော်အခု တာဝန်ယူတဲ့နေ့မှာပဲ ကျွန်တော်က လွှတ်တော်ကိုလည်း ပြောတယ်၊ နိုင်ငံကိုလည်းပြောခဲ့ပါတယ်။ ကျွန်တော်ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးရအောင်ကြိုးစားဆောင်ရွက်မယ်။ နောက် ၅ နှစ် အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုပြီး ကျွန်တော်ပြောခဲ့တာရှိ ပါတယ်။ ငြိမ်းချမ်းရေးကတော့ ဖိတ်ခေါ်ထားတာရှိတယ်။ ဆွေးနွေးမှာပါ။ ဆွေးနွေးပြီးတော့ ကျွန်တော်တို့သွားကြရမှာပါ။ တစ်ဖက်ကလည်းလုံခြုံရေးအပိုင်းကို လုပ်ရမှာပါ။ တရားဥပဒေစိုးမိုးရေးလုပ်ရတာရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ကို အကြမ်းဖက်ဆန့်ကျင်နေတဲ့အဖွဲ့၊ အကြမ်းဖက်ဆန့်ကျင်မှုမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုကတော့ EAO တွေဖြစ်တယ်။ တစ်ခုကတော့ PDF တွေဖြစ်တယ်။ EAO ဆိုတာ Ethnic Armed Organization ၊ PDF ဆိုတာ People Defense Forces ဆိုပြီး PDF ကတော့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်။ EAO ကတော့ လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးသောကိစ္စတွေနဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီနှစ်ပိုင်းခွဲကြည့်ရင် ပထမဦးဆုံး PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ။ ပြီးရင် EAO ကျတော့ ငြိမ်းချမ်းရေးကဏ္ဍကနေသွားမှာပါ။ ကျွန်တော်တို့ ဆွေးနွေးနေတာတော့ တော်တော်များနေပါပြီ။ သူတို့ရဲ့ လိုလားချက်တွေကလည်း မျိုးစုံဖြစ်တော့ ဒါတွေကိုရှင်းရတာပါ။ လိုလားချက်ကတော့ အများကြီးရှိမှာပဲ။ ဒါပေမယ့် ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ ဖြစ်သင့်တာတွေပဲ လုပ်တာပိုပြီးကောင်းပါ တယ်။ ခင်ဗျားလည်းဖြစ်ချင်တာတွေ အများကြီးရှိမှာပဲ၊ ဟိုဟာလိုချင် တယ်၊ ဒီဟာလိုချင်တယ်၊ သို့သော်လည်း မဖြစ်နိုင်တာကို သွားပြီး လုပ်ရင်လည်းမရဘူး။ ကျွန်တော်တို့ဆီမှာ လူမျိုးပေါင်းများစွာရှိတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းများစွာရှိတယ်၊ အဓိကတိုင်းရင်းသား ၈ မျိုးရှိတယ်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်လောက်ရှိတယ်။ ခင်ဗျားတို့နိုင်ငံမှာ ပိုပြီးများပါတယ်။ အဲဒီတော့တစ်ယောက်နဲ့ တစ်ယောက်သဘောထားတွေက မျိုးစုံဆိုတော့ ဘာနဲ့ရှင်းမလဲဆိုရင် ဥပဒေနဲ့ရှင်းမယ်။ Constitution အရပဲ ရှင်းမယ်၊ Constitution မှာ ဒါကို ကျွန်တော်တို့ကရအောင်လုပ်မှာပါ။ Constitution ကို အများကနေ လက်ခံနိုင်တဲ့ ဖြစ်နိုင်တဲ့ဟာ၊ မဖြစ်နိုင်တာကိုတော့ သွားပြောလို့မရဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးက ပိုပြီးအရေးကြီးတယ်ဆိုတာ ကျွန်တော်ပြောတာပါ။ ပြီးရင် ဖွံ့ဖြိုးရေးဘက်ကိုသွားရမယ်။ အစိုးရတာဝန်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တာဝန်ရှိ တယ်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ ပြည်သူလူထုပါ အကုန်လုံးအကျုံးဝင်တယ်။ တိုင်းရင်းသားမှမဟုတ်ဘူး။ ပြည်သူလူထု အကုန်လုံးအကျုံးဝင်တဲ့ ဖွံ့ဖြိုးရေးကို ကျွန်တော်တို့လုပ်ပေးရမယ်။ ဒီလိုသွားမှရမယ်။ ဒါကြောင့် အရေးကြီးတာက ငြိမ်းချမ်းရေးက နံပါတ်တစ်ပဲ။ ဒုတိယကတော့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကတော့ ဆက်ပြီးလုပ်ရမှာပဲ။ နောက်တစ်ပြိုင်တည်းမှာပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွားရပါမယ်။ ဒီလိုသွားဖို့ရှိပါတယ်။ ဒါက ကျွန်တော့်သဘောထားပါပဲ။
မေး။ ။ အာဆီယံအဖွဲ့အစည်းဆိုတာက ဒေသတွင်းမှာရော ကမ္ဘာပေါ်မှာပါ ဩဇာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံနဲ့ အာဆီယံတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးအမြင်ကို သိရှိလိုပါတယ်။
ဖြေ။ ။ ဆက်ဆံရေးအခြေအနေကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာ အများစုကကောင်းပါတယ်။ သို့သော်လည်းပဲ အာဆီယံရဲ့မူဝါဒမှာတော့ Consensus ဆိုတဲ့ အများအားလုံး သဘောတူမှဆိုတဲ့ဟာကြောင့် ဒီပြဿနာတွေတက်နေတာပါ။ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်ကတော့ မြန်မာနိုင်ငံအပေါ်မှာ တင်းမာတဲ့ သဘောထားတွေရှိကြပါတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံအများစုကတော့ ကျွန်တော်တို့အပေါ်မှာ ကောင်းမွန်တဲ့အမြင်တွေရှိတယ်။ အရင်တုန်းက ဖြစ်ခဲ့တာကတော့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ ကျွန်တော်တို့ဆောင်ရွက်ချက်အပေါ် မူတည်ပြီးတော့ အာဆီယံက ကျွန်တော်တို့အပေါ်မှာ ဆက်ဆံမှုတစ်မျိုးပြောင်းလာတာပါ။ သို့သော်လည်းပဲ ကျွန်တော်တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ အထွေထွေရွေးကောက်ပွဲမှာ တရားမျှတစွာနဲ့၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ခဲ့ပြီးပြီ။ ဒါကို ဘယ်လိုမှငြင်းလို့မရဘူး။ အားလုံးပေါင်း မဲပေးခွင့်ရှိတဲ့သူရဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း မဲပေးခဲ့တယ်။ အဲဒီ မဲပေးတဲ့ထဲမှာ အသက် ၁၈ နှစ်ကနေ အသက် ၄၀ ကြားပါတဲ့ လူက ၅၀ ရာခိုင်နှုန်း နီးပါးလောက်ရှိတယ်။ တစ်ဝက်နီးပါးလောက်က လူငယ်တွေပေးတာပါ။ ဒီလူငယ်တွေကို ကျွန်တော်တို့က ဒီရွေးကောက်ပွဲ မဲပေးရမယ်ဆိုပြီး သွားလုပ်လို့မရဘူး။ အကုန် ထွက်ပြေးမှာပဲ။ သွားလုပ်ရင် ထွက်ပြေးမှာပဲ။ သူတို့သဘောနဲ့ သူတို့လာပေးကြတယ်။ မဲပေးပွဲသတင်းကို ကြည့်လိုက်ရင်၊ မဲပေးခဲ့တဲ့ ထုတ်ပြန်တဲ့ပုံတွေကို ကြည့်လိုက်ရင် သူတို့သဘောနဲ့သူတို့ တက်တက်ကြွကြွလာပြီး မဲပေးကြတယ်။ နောက်မဲပေးတဲ့ပုံစံ၊ မဲပေးတဲ့စနစ်ပါ။ မဲပေးတဲ့စနစ်မှာလည်း လုံးဝမဲလိမ်လို့မရတဲ့ စနစ်လုပ်တယ်။ နောက်တစ်ခါ ဒီရွေးကောက်ပွဲနဲ့ ဒီမဲစာရင်းနဲ့ပတ်သက် တာအားလုံးကိုလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်အောင်လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ရလဒ်တွေကို ကျွန်တော်တို့က နိုင်ငံတကာကိုယ်စားလှယ်တွေကို ခေါ်ပြတယ်။ ခေါ်ပြတဲ့အခါ သူတို့အားလုံးက ဒီဟာကိုလက်ခံတယ်။ မငြင်းဆန်ဘူး။ အခုအထိရွေးကောက်ပွဲအပေါ်မှာ မူတည်ပြီးတော့ ဘယ်ပါတီကမှ၊ ဘယ်ကိုယ်စားလှယ်ကမှ Complain မတက်ဘူး။ အာဆီယံကလည်း ဒါကို သိတယ်။ ပြီးတော့အာဆီယံကလည်း ရွေးကောက်ပွဲကြောင့်ဖြစ်ခဲ့တဲ့ ပြဿနာမှာ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ကောင်းအောင်ပြန်လုပ်ပေးခဲ့ပြီဆိုရင် ဒီဟာကို လက်ခံတဲ့နိုင်ငံတွေ ကျွန်တော်တို့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့က အာဆီယံအပေါ်မှာ မိတ်ဝတ်မပျက်ဆက်ဆံရေး လုပ်ပါတယ်။ သို့သော်လည်း အာဆီယံရဲ့သဘောထားကတော့ အားလုံးရဲ့ ဆန္ဒညီတဲ့ပေါ်မူတည်ပြီး ဆုံးဖြတ်ရတဲ့အတွက်ကြောင့် တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်က တင်းတင်းမာမာဖြစ်နေတဲ့အချိန်မှာ ကျန်တဲ့နိုင်ငံတွေကလည်း ကျွန်တော်တို့နဲ့ ပုံမှန်ဆက်ဆံဖို့အတွက် အခက်အခဲရှိနေတယ်။
ဒါပေမယ့် အခုကျွန်တော်တို့ ဆက်ဆံရေးကောင်းတွေရှိပါတယ်။ တစ်ဦးချင်းဆိုလည်း ကျွန်တော်နဲ့ဆက်ဆံရေးတွေ ကောင်းပါတယ်။ ကျွန်တော်သမ္မတအရွေးခံရတဲ့ အချိန်မှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့တဲ့ နိုင်ငံတွေအာဆီယံနိုင်ငံတွေ အများကြီးရှိတာပဲ။ ဒါကိုကြည့်မယ်ဆိုရင် ကောင်းတဲ့ဆက်ဆံရေး ရှိတယ်လို့ဆိုရမယ်။ ကျွန်တော်တို့လည်း အာဆီယံအပေါ်မှာ ကောင်းတဲ့အမြင်ရှိပါတယ်။
မေး။ ။ သမ္မတကြီးခင်ဗျာ၊ ကျွန်တော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကို နိဂုံးချုပ်ပါတော့မယ်။ ဒီတွေ့ဆုံဆွေးနွေးမှုကိုကြည့်တဲ့ကမ္ဘာပေါ်က ပရိသတ်တွေကိုလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ကျွန်တော်တို့ မြန်မာနိုင်ငံ၊ ကျွန်တော်တို့နိုင်ငံက ကျွန်တော်တို့ နိုင်ငံသားတွေ မျှော်မှန်းတဲ့လမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့လက်တွဲပြီးလုပ်ဖို့လည်း အဆင်သင့်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုတွေအပေါ်မှာ ကျွန်တော်တို့နိုင်ငံကို လာရောက်လေ့လာကြည့်စေလိုပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လာပြီးကြည့်စေလိုတယ်။ ပြီးတော့မှ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းမှုတွေလုပ်တာ ပိုပြီးကောင်းမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လက်ရှိဆောင်ရွက်နေတဲ့သူတို့ရဲ့ ဘဝအခြေအနေတွေ အားလုံးကို တိုးတက်အောင် လုပ်နိုင်တဲ့အခွင့်အရေးတွေ သူတို့ရလာ ပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာကလည်း ဒီဟာကိုလာပြီးတော့ ကြည့်စေလိုတယ်။ ပူးပေါင်းဆောင်ရွက်စေလိုတယ်။ မြန်မာနိုင်ငံက တကယ်ကို မှန်မှန်ကန်ကန်နဲ့ ပြည်သူကရွေးချယ်တဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိလျှောက်လှမ်းနေပြီလို့ ပြောလိုပါတယ်။
သို့သော်လည်းပဲ “စံ” ဆိုတာကတော့ မျိုးစုံရှိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံက စံနှုန်းမတူဘူး။ ခင်ဗျားတို့ အိန္ဒိယနိုင်ငံရဲ့စံနဲ့ တခြားအာရှနိုင်ငံတွေရဲ့ စံနဲ့မတူသလိုဘဲ အနောက်နိုင်ငံက စံတွေနဲ့လည်းမတူဘူး။ ဒီမိုကရေစီမှာလည်း စံချိန်တွေမတူလောက်ပါဘူး။ မြန်မာနိုင်ငံလည်း မြန်မာနိုင်ငံရဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့သွားတာဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးမှာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်ဖို့၊ နှစ်အချက်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ဒီအတိုင်းပဲ ကျွန်တော်လုပ်နေပါတယ်။ ဒါကို ကျွန်တော်တို့ မယိမ်းမယိုင်နဲ့ လုပ်သွားမယ်ဆိုတာ ကမ္ဘာကိုကျွန်တော်ပြောလိုပါတယ်။
