Skip to main content

“၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်” ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇွန် ၈

“၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်” ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ်ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၆ တရုတ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရလက်မှတ်ရေးထိုးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အမှတ်တရလက်မှတ်များ ဆက်လက်ရေးထိုးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆ တရုတ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် China Media Group CMG မှ သတင်းထောက်ဖြစ်သူ Ms.Zhang Xiaoning ၏ သိရှိလိုသည့် မေးမြန်းမှုများနှင့် ပတ်သက်၍ လက်ခံဖြေကြားခဲ့သည်။

ယင်းနောက် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်သည် ဖျော်ဖြေမှုသက်သက်သာမကဘဲ ပြည်သူများ၏ စိတ်နှလုံးချင်းပေါင်းစည်းရန်၊ ခံစားမှုရသချင်းနီးစပ်ရန်နှင့် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်တည်တံ့ရန် ချိတ်ဆက်ပံ့ပိုးပေးမည့် ယဉ်ကျေးမှုပေါင်းကူးတံတားတစ်စင်းလည်းဖြစ်ကြောင်း။

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှ စတင်ပြီး ခေတ်အဆက်ဆက်နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးကို တစ်စတစ်စ ပိုမိုတိုးတက်ခိုင်မာစေခဲ့ကြောင်း၊ ထင်ရှားသည့် ခရီးစဉ်များကို ဖော်ပြရမည်ဆိုပါက ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် (၁၂) ကြိမ် သွားရောက်ခဲ့ကြောင်း၊ အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်းသည်လည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် (၉) ကြိမ် လာရောက်ခဲ့ကြောင်း။

မကြာသေးမီနှစ်များအတွင်း နိုင်ငံတော်အဆင့်အပြန်အလှန်ခရီးစဉ်များ၊ တွေ့ဆုံဆွေးနွေးမှုများ ပိုမိုတိုးတက်များပြားလာသည်ကို ဝမ်းမြောက်စွာ တွေ့ရှိရပြီး ယင်းခရီးစဉ်များမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း” ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြောင်း၊ ထိုသို့ ထူထောင်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း။

မိမိအနေဖြင့်လည်း ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် နှစ် (၈၀) ပြည့် မဟာမျိုးချစ်စစ်အောင်ပွဲကို တက်ရောက်ခဲ့စဉ် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်း ထိပ်သီးအစည်းအဝေးနှင့် စက်တင်ဘာလ ၃ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများကို တက်ရောက်ခဲ့စဉ်ကာလအတွင်းကလည်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ကြောင်း။

နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စိန်ရတုအခါသမယပြည့်မြောက်ခဲ့ပြီး ဆက်လက်ရှင်သန်တိုးတက်လျက်ရှိနေကြောင်း၊ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးသည် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် (၇၆) နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး (၇၆) နှစ်ကြာကာလအတွင်း နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် အလွှာအသီးသီးတို့အကြား ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသည်ကို နှစ်ထောင်းအားရဖွယ်တွေ့ရှိကြမည်ဖြစ်ကြောင်း။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ၁၉၅၄ ခုနှစ်တွင် ချမှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါမူကြီး (၅) ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်လည်း အပြည့်အဝထောက်ခံကြိုးပမ်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို အခြေခံကျသည့် မူဝါဒအဖြစ် ခိုင်မာစွာကျင့်သုံးလျက်ရှိကြောင်း၊ ရှေ့ဆက်၍လည်း နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုကြောင်း။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီးနောက် တစ်ရက်တွင် တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့ခြင်းသည် မိမိတို့နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်းမှအတူ မျှဝေခံစားသည့် စိတ်ဓာတ်ခိုင်မာမြဲမြံသည့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ဖော်ပြခြင်းပင်ဖြစ်ကြောင်း၊ အရေးကြီးဆုံးအချိန်၌ ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုကြောင်း။

ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်ယွမ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိသည့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တရုတ်နိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့ကြောင်း၊ အခက်အခဲဆုံးအချိန်တွင်ရရှိခဲ့သည့် ပထမဦးဆုံးပြည်ပအကူအညီဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံ၏ အချိန်မီပံ့ပိုးကူညီမှုများက မိမိတို့အစိုးရနှင့် သဘာဝဘေးဒဏ်ခံစားရသည့် ပြည်သူများအတွက် များစွာခွန်အားဖြစ်စေခဲ့ကြောင်း။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများတွင် အကူအညီများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသသည့် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသားများကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း။

ယခုကဲ့သို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၆) နှစ်မြောက် အခါသမယတွင် မိမိတို့နှစ်နိုင်ငံ၏ ပြည်သူများအတွက် ရေရှည်တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ် အနာဂတ်အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် ရေမြေတောတောင်ချင်း ထိစပ်နေရုံတင်မကဘဲ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုပိုင်းတွင်လည်း အလွန်နက်ရှိုင်းသည့် တူညီချက်များရှိကြကြောင်း၊ မိမိတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံပြီး စိတ်ချင်းနီးစပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လင်ကွမ်းစီကျောင်းတိုက်က “စွယ်တော်မြတ်” ကို မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ပင့်ဆောင်ပူဇော်ခဲ့သည်မှာ နှစ်နိုင်ငံပြည်သူများ၏ သဒ္ဓါတရားနှင့် စိတ်ဝိညာဉ်ကို တစ်သားတည်းဖြစ်စေခဲ့သည့် သမိုင်းဝင်သာဓကများဖြစ်ကြောင်း။

ထို့အပြင် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍမှ ကြည့်မည်ဆိုပါကလည်း ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံက ကမ္ဘာ့အမွေအနှစ် “သဗ္ဗညုဘုရားကြီး” ကို တရုတ်နိုင်ငံ၏ နည်းပညာ၊ ရန်ပုံငွေများဖြင့် ပူးပေါင်းပြုပြင်ထိန်းသိမ်းနေခြင်းသည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားကြသည်ကို ညွှန်းပြနေခြင်းပင်ဖြစ်ကြောင်း။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍကို ကြည့်မည်ဆိုပါကလည်း အစောပိုင်းကာလများဖြစ်သည့် ခရစ်နှစ် (၈၀၂) ခုနှစ်က တရုတ်နိုင်ငံကို ရောက်ရှိခဲ့သည့် ပျူဂီတအနုပညာသံတမန်အဖွဲ့မှအစ ယခုအချိန်ထိ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို အနုပညာကဏ္ဍနှင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း။

ရုပ်ရှင်မပေါ်ခင်ကာလများမှ ခေတ်အဆက်ဆက်ကတည်းက နှစ်နိုင်ငံအကြား စာပေနှင့် ဂီတသဘင်ကဏ္ဍများမှတစ်ဆင့် ပြည်သူများအကြား အပြန်အလှန်စီးဆင်းပေါင်းစည်းခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ၏ လေးနက်လှသည့် ဂန္ထဝင်ဝတ္ထုကြီးများ၊ တရုတ်ရိုးရာစစ်ဗျူဟာများ၊ သစ္စာတရားများကို မြန်မာ့စာပေလောက၌ ဘာသာပြန်ဖတ်ရှုကြရသည့်အတွက် ယနေ့ထက်ထိ ရှင်သန်နေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ စာပေ၊ ဂီတ၊ အနုပညာအခြေခံအုတ်မြစ်များ ခိုင်မာခဲ့သည့် အစဉ်အလာကြောင့်ပင် ယနေ့ခေတ်ရုပ်ရှင်ကဏ္ဍ၌ ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး အနုပညာဆိုင်ရာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မှုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ယူနန်ရုပ်ရှင်နှင့် သတင်းဌာနတို့ ပူးပေါင်းပြီး “ဒဏ္ဍာရီထဲကတေးကဗျာ” ဇာတ်လမ်းတွဲကို ရိုက်ကူးပြသခဲ့ကြရာ နှစ်နိုင်ငံပြည်သူများက ကြိုက်နှစ်သက်ခဲ့ကြသည်ဟုသိရကြောင်း၊ ရုပ်ရှင်အနုပညာဖန်တီးမှုမှတစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြကာ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေခဲ့ကြောင်း။

နှစ်နိုင်ငံရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မြန်မာ့ရှေးဟောင်းရုပ်ရှင်ဇာတ်ကားဖြစ်သည့် “ငဘ” အပါအဝင် ရှေးဟောင်းအမွေအနှစ် မြန်မာရုပ်ရှင်ဇာတ်ကားများကို ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ဖလင်ပုံစံအစား ဒီဂျစ်တယ်နည်းပညာသုံးရုပ်ရှင်ဇာတ်ကား (DCP, Digital Cinema Package) ပုံစံအဖြစ် လက်ခံရရှိပြီးဖြစ်သည်ဟု သိရကြောင်း။

အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရုပ်ရှင်ပွဲတော်များ၌ မြန်မာရုပ်ရှင်ဇာတ်ကားများ ပေးပို့ပြသနိုင်ခဲ့ပြီး မြန်မာကိုယ်စားလှယ်များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း၊ ယခုတွင်လည်း နှစ်နိုင်ငံရုပ်သံဇာတ်လမ်းတွဲများကို နိုင်ငံအလိုက် ဘာသာပြန်ပြီး အပြန်အလှန်ထုတ်လွှင့်ပေးနေသည်ဟု သိရကြောင်း။

ယနေ့ ကျင်းပပြုလုပ်သည့် ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်တွင် ပြသသွားမည့် တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းများသည် မြန်မာပြည်သူများကို တရုတ်နိုင်ငံ၏ ခေတ်သစ်လူနေမှုဘဝ၊ တိုးတက်မှု၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလှတရားများကို ပိုမိုနားလည်သဘောပေါက်စေမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ အိမ်မက်များ၊ ပျော်ရွှင်မှုများထဲတွင် တရုတ်ရုပ်သံဇာတ်လမ်းတွဲများသည် နှစ်ပေါင်းများစွာ နေရာယူနိုင်ခဲ့ကြောင်း၊ ကြည့်ရှုကြသည့် နှစ်နိုင်ငံပြည်သူများ ခံစားချက်ချင်းတူညီမှုကနေတစ်ဆင့် စစ်မှန်သည့် သံယောဇဉ်၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း။

ယခုရုပ်ရှင်ပြပွဲအစီအစဉ်ကို ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်တကွ တရုတ်သံတမန်များ၊ အစီအစဉ်ဖြစ်မြောက်အောင် အဘက်ဘက်က ကူညီပံ့ပိုးပေးခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဌာနအသီးသီးက တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း။

ယနေ့ ရုပ်ရှင်ပြပွဲအစီအစဉ်ကဲ့သို့ ဆောင်ရွက်မှုများသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူချင်းဆက်ဆံရေးကို မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ အနုပညာ၏အစွမ်းနှင့် နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးချင်းပေါင်းစည်းပြီး၊ သမိုင်းဝင်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက်သစ်များအထိတိုင်အောင် အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်းကိုလည်း ယုံကြည်မိကြောင်း။

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၆) နှစ်မြောက် အခါသမယတွင် အထိမ်းအမှတ်အဖြစ် ယနေ့ကျင်းပပြုလုပ်သည့် “၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” မှသည် နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်ပြီး မြန်မာတရုတ်ချစ်ကြည်ရေးထာဝရ အဓွန့်ရှည်တည်တံ့ပါစေကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ယနေ့ကြွရောက်လာကြသည့် ဧည့်သည်တော်များအားလုံး၊ နှစ်နိုင်ငံပြည်သူများအားလုံး ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရုပ်ရှင်ပြပွဲနှင့် ပတ်သက်၍ပြောကြားရာတွင် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ကျင်းပရန်အထူးရွေးချယ်ခဲ့ခြင်းမှာ ရုပ်ရှင်အလင်းအမှောင်စွမ်းအားကိုအသုံးပြု၍ လွန်ခဲ့သော (၇၆) နှစ်တာကာလအတွင်း အေးအတူပူအမျှ၊ အခက်အခဲများကို အတူကျော်ဖြတ်ကာ ပိုမိုခိုင်မြဲလာခဲ့သည့် တရုတ်-မြန်မာဆက်ဆံရေးကို အတူတကွ ဂုဏ်ပြုဦးညွှတ်ရန်ဖြစ်သကဲ့သို့ (၇၆) နှစ်တိုင်တိုင် အပြန်အလှန်စောင့်ရှောက်ကူညီပြီး ဒုက္ခသုခအတူမျှဝေခဲ့ကြသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသွားရန်အတွက်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမှုရေးစနစ်မတူညီသော်လည်း တရုတ်နိုင်ငံသစ်ကို ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံ၏ အမျိုးသားငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်ရေးတို့အတွက် အမြဲတစေထောက်ခံအားပေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံက ပူးတွဲအဆိုပြုခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်သည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းဖြစ်လာခဲ့ပါကြောင်း။

ရုပ်ရှင်ဆိုသည်မှာ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်သည့် အနုပညာတစ်ခုဖြစ်ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ် တရုတ်နိုင်ငံအမျိုးသားနေ့ကာလအတွင်း ပေကျင်းမြို့၌ “မြန်မာ့ယဉ်ကျေးမှုရက်သတ္တပတ်” ကို ကျင်းပခဲ့ပြီး ၁၉၆၁ ခုနှစ် မြန်မာ့လွတ်လပ်ရေးနေ့ ကာလအတွင်း၌လည်း ရန်ကုန်မြို့၌ “တရုတ်ရုပ်ရှင်ရက်သတ္တပတ်” ကို ကျင်းပခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ နှစ်နိုင်ငံရုပ်ရှင်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ရာ၌ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါကြောင်း။

ယခုကျင်းပပြုလုပ်သည့် “တရုတ်ရုပ်ရှင်ရက်သတ္တပတ်” မှတစ်ဆင့် မြန်မာပရိသတ်များအနေဖြင့် သဘာဝကျပြီး စုံလင်လှသော တရုတ်နိုင်ငံကို သိရှိနားလည်နိုင်လိမ့်မည်ဟုမျှော်လင့်ပါကြောင်းနှင့် တရုတ်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်လေ့လာရန်လည်း ဖိတ်ခေါ်ပါကြောင်း၊ ထိုသို့ ကူးလူးဆက်ဆံခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေကာ နှစ်ဦးနှစ်ဖက်ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးမှုအတွက် နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး၊ အဖွဲ့ဝင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်” ဆိုင်ရာ ဗီဒီယိုနှင့် မေတ္တာစမ်းရေ (Lighting Up the Stars) ရုပ်ရှင်အား ကြည့်ရှုကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။