နေပြည်တော် ဇွန် ၁၄
မိုင်းပျဉ်းမြို့တွင် ငွေကျပ်သိန်း ၂၈၅၀ တန်ဖိုးနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ငွေကျပ် ၈၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက်နံနက် ၁၀ နာရီခွဲတွင် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်အနီး တောင်ကြီး - ကျိုင်းတုံသွား ကားလမ်းတွင် မိုင်းပျဉ်းမြို့ အလယ်ပိုင်း ရပ်ကွက်နေ စိုင်းဦးဟောင် (၄၅) နှစ် မောင်းနှင်ပြီး မိုင်းပျဉ်းမြို့နယ် ယမ်းမိုင်ရွာ နေသူများဖြစ်သည့် စိုင်းခမ်းလှ (၃၂) နှစ်၊ ဝီးဝါလ (၄၀) နှစ်တို့ လိုက်ပါလာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၂၈၅၀) သိမ်းဆည်းရမိ သဖြင့် စိုင်းဦးဟောင်၊ စိုင်းခမ်းလှနှင့် ဝီးဝါလတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကျုံစု (တိုးချဲ့) ရပ်ကွက်နေ လင်းလင်းနိုင် (၃၈) နှစ်နှင့် မသန္တာအောင် (၂၅) နှစ်တို့ ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၂၂) ရပ်ကွက်နေ မသိမ့်သိမ့်ထွန်း (ခ) ပြည့်ပြည့် (၂၃) နှစ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၂) ရပ်ကွက်နေ မအိခိုင်ဇင် (ခ) အမွေစိန် (၁၈) နှစ်တို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀၀ (တစ်ပြား လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၈၆ သိန်း) နှင့် မြန်မာငွေကျပ် ၂၀၀၀၀ တို့ကို သိမ်းဆည်းရမိသဖြင့် လင်းလင်းနိုင်၊ မသန္တာအောင်၊ မသိမ့်သိမ့်ထွန်း (ခ) ပြည့်ပြည့်နှင့် မအိခိုင်ဇင် (ခ) အမွေစိန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်
