နေပြည်တော် ဇွန် ၁၆
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် “လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဉ်” ဖြင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် အလှူငွေကျပ် (၁၀) သိန်း၊ နေပြည်တော်စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ယင်းနောက် နေပြည်တော် စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ကိုယ်စားလှယ် ဦးအောင်မျိုးသန့်က “လူငယ်နှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဉ်” ဖြင့် ဟောပြောပြီး နေပြည်တော် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
