နေပြည်တော် ဇွန် ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် CRCC သို့ ရောက်ရှိကြရာ CRCC မှ ဥက္ကဋ္ဌဖြစ်သူ Mr. Dai Hegen နှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် CRCC ၏ ပြခန်းကို လေ့လာကြရာ CRCC ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တရုတ်မီးရထားလမ်း တည်ဆောက်ရေးကော်ပိုရေးရှင်း (China Railway Construction Corporation Limited- CRCC) အနေဖြင့် ၁၉၄၈ ခုနှစ်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရထားလမ်း တပ်ဖွဲ့၌ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်ခဲ့မှုများ၊ နိုင်ငံ့အကြီးအကဲများက မီးရထားတပ်ဖွဲ့အား အလေးထားခဲ့ကြပြီး တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်း ဓာတ်ပုံများနှင့် အထောက်အထားများ၊ မြင့်မားသည့် မီးရထားတံတားများ၊ ဥမင်လိုဏ်ခေါင်း မီးရထားလမ်းများအား အခက်အခဲများကြားမှ တည်ဆောက်ဖောက်လုပ်ခဲ့သည့် မှတ်တမ်းများ၊ ပေကျင်းမြို့၏ ပထမဆုံး မြေအောက်မီးရထားလမ်း တည်ဆောက်ခဲ့မှုများ၊ မီးရထားတပ်ဖွဲ့၏ ပြည်ပစစ်မြေပြင်များတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် မီးရထားလမ်းများ ထိခိုက်ပျက်စီးခဲ့ရမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့မှု မှတ်တမ်းများ၊ မီးရထားလမ်း တပ်ဖွဲ့အဖြစ်မှ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲခဲ့မှုများ၊ ကျည်ဆံရထားများ တည်ဆောက်ခဲ့မှုများ၊ မြေအောက်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော ယာဉ်ယန္တရား၊ စက်ကိရိယာများ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ CRCC မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြခန်းတစ်ခုချင်းစီအလိုက် မှတ်တမ်းအထောက်အထားများ၊ အထူးပြုလုပ်ချက်များ၊ ပုံစံငယ်များဖြင့် လိုက်လံရှင်းလင်းတင်ပြကြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
အဆိုပါ တရုတ်မီးရထားလမ်းတည်ဆောက်ရေးကော်ပိုရေးရှင်း (China Railway Construction Corporation Limited- CRCC) ကို ၁၉၄၈ ခုနှစ်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ရထားလမ်း ကော်ပိုရေးရှင်းအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် CRCC အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်၌ နိုင်ငံပိုင်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် (SASAC) ၏ စီမံခန့်ခွဲမှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာများဖြင့် ခေတ်မီကော်ပိုရေးရှင်းအသွင်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့ခ်ဈေးကွက်တွင် စာရင်းသွင်းခဲ့ကြောင်း၊ CRCC သည် ယနေ့အချိန်အထိ မီးရထားလမ်းနှင့် အမြန်ရထားလမ်းပေါင်း (၁၃၀,၀၀၀) ကီလိုမီတာကျော်၊ အဝေးပြေးလမ်းမ (၅၀,၀၀၀) ကီလိုမီတာ ကျော်၊ တံတား (၂၈,၀၀၀) ကီလိုမီတာကျော်၊ ဥမင်လိုဏ်ခေါင်း(၂၆,၀၀၀) ကီလိုမီတာကျော်နှင့် အဆောက်အဦပေါင်း (၁၂၀,၀၀၀,၀၀၀) စတုရန်းမီတာတို့ကို ကမ္ဘာ့နေရာအများအပြားတွင် တည်ဆောက်ခဲ့ကြောင်း၊ ထို့ပြင် CRCC ၏ လုပ်ငန်းခွဲများသည် အမေရိကတွင် (၂၄) ခု၊ အာဖရိကတွင်(၅၁) ခု၊ ဥရောပတွင် (၁၅) ခု၊ အာရှတွင် (၄၁) ခုနှင့် သမုဒ္ဒရာနိုင်ငံများတွင် (၁၀)ခု၊ ပြည်ပနိုင်ငံနှင့် ဒေသစုစုပေါင်း (၁၄၈) ခုတွင် အလုပ်သမားပေါင်း (၂၆၈,၀၀၀) ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ CRCC မှ တည်ဆောက်ခဲ့သော အမြန်ရထားလမ်းများအနက် ကမ္ဘာ့အရှည်ဆုံး၊ အဆင့်အမြင့်ဆုံးနှင့် ရှုပ်ထွေးမှုအရှိဆုံး တစ်ဆက်တည်း အမြန်ရထားလမ်းအဖြစ် ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်း ဖောက်လုပ်မှုတွင် (၄၆) ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကုန်းပြင်မြင့် ရထားလမ်းဖြစ်သည့် ကျင်းဟိုင်-တိဘက် ရထားလမ်းဖောက်လုပ်မှုတွင် (၇၀) ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ တည်ဆောက်သည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံရှိ ရထားကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ကူမင်း - ဗီယင်ကျန်း မီးရထားလမ်းနှင့် ပေကျင်းမြေအောက် ရထားလိုင်းအမှတ် (၁) စသည်ဖြင့် နေရာအမျိုးမျိုးတွင် ဖောက်လုပ်ထားသည့် မီးရထားလမ်းများသည် လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍ မီးရထားလမ်း ထိန်းသိမ်းပြင်ဆင်သည့် လုပ်ငန်းများကိုလည်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် ရှင်းလင်းဆောင်ခန်းမတွင် CRCC ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ China Railway Construction Corporation Limited (CRCC) သို့ အချိန်ပေး၍ လာရောက်လေ့လာမှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဝန်ထမ်းပေါင်း ၃ သိန်းကျော်ကို ကိုယ်စားပြု၍ မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး သမိုင်းကြောင်း ရှည်လျားစွာဖြင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာလျက်ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံ၏ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်များကို အကောင်အထည်ဖော်သွားနိုင်ရေးအတွက်လည်း မိမိတို့အား မှာကြားထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ရထားလမ်း၊ ကားလမ်းများ၊ မြေအောက်ရထားလမ်းများ၊ လေဆိပ်များ၊ Smart City များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့တွင် CRCC မှ တတ်ကျွမ်းသည့် နည်းပညာများဖြင့် အကျိုးပြုလိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး CRCC သမိုင်းကြောင်းများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများ၊ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြီး မြန်မာနိုင်ငံနှင့် CRCC တို့အကြား ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် CRCC ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး နိုင်ငံတော်သမ္မတသည် China Railway Construction Corporation Limited (CRCC) မှ ပြန်လည်ထွက်ခွာရာ CRCC ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ South Railway Station Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Hua Chunying ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်တွင် နေရာယူအလေးပြု၍ နိုင်ငံတော်သမ္မတအား ပို့ဆောင်နှုတ်ဆက်သည်။
နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွားရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုများ၊ ရထားလမ်း နယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်ခြား မှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် High-Speed Railway G23 ပေါ်၌ စားသောက်ဖွယ်ရာများ ဝန်ဆောင်မှုပေးထားမှုများ၊ ခရီးသည်များသက်တောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးထားမှုများကိုလည်း မြန်မာ့မီးရထားဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရာတွင် အတွေ့အကြုံယူအသုံးပြုနိုင်ရေးအတွက် မေးမြန်းလေ့လာ ဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခေတ္တတည်းခိုမည့် ရှန်ဟိုင်းမြို့၊ Fairmont Peace ဟိုတယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြရာ ဟိုတယ်သို့ သွားရောက်ရာလမ်းတစ်လျှောက်၌ ရှန်ဟိုင်းမြို့ ဒေသခံများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် အထူးယာဉ်တန်းအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် ဟိုတယ်သို့ ရောက်ရှိချိန်တွင်လည်း တာဝန်ရှိသူများက တီးဝိုင်းငယ်ဖြင့် တီးမှုတ်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
