Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၊ ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဇုန်ဧရိယာ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဇုန်ဧရိယာ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ လင်းကန်အထူးဇုန်ဧရိယာ (Shanghai Lingang Special Area)၊ Dishui Cloudhall Planning Exhibition Centre သို့ ရောက်ရှိကြရာ လင်းကန်အထူးဧရိယာပါတီလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Zhao Yi Huai နှင့် တာဝန်ရှိသူများက လှိုက်လှဲထွေးပွေ့စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် Exhibition Centre အတွင်း၌ ပါတီလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လင်းကန်အထူးဇုန်၏ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဖွံ့ဖြိုးတိုးတက်လာမှုဆိုင်ရာ မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Exhibition Centre အတွင်းလှည့်လည်၍ လင်းကန်အထူးဇုန်၏ နယ်မြေအကျယ်အဝန်းနှင့် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ထားရှိမှုနှင့် လင်းကန်စက်မှုဇုန်တည်ဆောက်ထားရှိမှု မြေပုံပုံစံငယ်များ၊ Tesla ကုမ္ပဏီနှင့် Shanghai Motor တို့ ပူးပေါင်းဆောင်ရွက်မှုများ၊ အာကာသနည်းပညာစက်ပစ္စည်းများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါလင်းကန်အထူးဇုန်ဧရိယာသည် ဂျင်ဟေဆိပ်ကမ်း၏ အရှေ့ဘက်ရှောင်ရန်ရှန်း (Xiaoyangshan) ကျွန်းနှင့် ဖူတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၏ တောင်ဘက်တွင် တည်ရှိပြီး စုစုပေါင်းဧရိယာ ၈၁၉ စတုရန်းကီလိုမီတာရှိကြောင်း၊ အထူးဧရိယာသည် နိုင်ငံတကာအသိအမှတ်ပြုလွတ်လပ်သော ကုန်သွယ်ရေးဇုန်ဖြစ်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလည်ပတ်မှုနှင့် ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုများကို လွယ်ကူချောမွေ့စေရန် သယ်ယူပို့ဆောင်ရေးကွန်ရက်ကို လုပ်ဆောင်ပေးသည့် ဒေသဖြစ်ကြောင်း၊ အထူးဧရိယာအတွင်း နန်ဟွေမြို့သစ်၊ လင်းကန်ပစ္စည်းကိရိယာစက်မှုဇုန်၊ ရှောင်ယန်ရှန်းကျွန်းနှင့် ဖူတုန်းလေဆိပ်၏ တောင်ဘက်ဧရိယာတို့သည် စမ်းသပ်ဧရိယာများဖြစ်လာမည်ဖြစ်ပြီး နန်ဟွေမြို့သစ်သည် အလယ်ဗဟိုတွင် Dishui ရေကန်ပါရှိသော စက်ဝိုင်းပုံမြို့ဖြစ်လာမည်ဖြစ်ကြောင်း၊ လင်းကန်ပစ္စည်းကိရိယာစက်မှုဇုန်သည် နိုင်ငံတော်အဆင့် စက်မှုဇုန်ဖြစ်ပြီး ကြီးမားသော စက်ပစ္စည်းကိရိယာများကို ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ရှောင်ယန်ရှန်းကျွန်းသည် လွတ်လပ်သောကုန်သွယ်ရေးဇုန်၏ ပံ့ပိုးမှုဖြင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် လေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့၊ Hongqiao Railway Station မှ ဟန်ကျိုးမြို့၊ Hangzhou East Railway Station သို့ High-Speed Railway G23 ဖြင့် ထွက်ခွာရာ ရှန်ဟိုင်းမြို့၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အရှိန်ရထားဖြင့် သွားရောက်စဉ်လမ်းခရီးတစ်လျှောက်၌ ရထားပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ မြို့ပြအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရထားလမ်းတစ်လျှောက် သာယာလှပမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဟန်ကျိုးမြို့၊ Hangzhou East Railway Station သို့ ရောက်ရှိကြရာ ဟန်ကျိုးမြို့၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်