Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ဇွန် ၁၈

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အွန်လိုင်းလောင်းကစား တားဆီးနှိမ်နင်းရေး၊ ကျေးရွာအမည် ပေါက်ရရှိရေး၊ သတင်းတုသတင်းမှားဖြန့်ဝေသူများအား တားဆီးအရေးယူနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လမ်းအဆင့်မြှင့်တင်နိုင်ရေးနှင့် တံတားများ တည်ဆောက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း (၈) ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ မြန်မာပြည်အနှံ့တရားမဝင်အွန်လိုင်း စလော့ဂိမ်းလောင်းကစားပြန့်ပွားနေမှုကို မည်သို့တားဆီးနှိမ်နင်းရန် စီမံထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

အွန်လိုင်းလောင်းကစားမှုများကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးအတွက် ၂၀၂၅ ခုနှစ်မှ ၂ဝ၂၆ ခုနှစ် ဧပြီလအထိ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ် (Websites) များနှင့် Application links များကို အော်ပရေတာများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကြည့်ရှု၍ မရနိုင်စေရန် IP Block ပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ လောင်းကစားနှင့် ဆက်စပ်လျက်ရှိသည့် Facebook ၊ Telegram ၊ Viber စသည့် ပလက်ဖောင်းများပေါ်မှ Channel များနှင့် အကောင့်များကို ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း။

လောင်းကစားငွေလွှဲပြောင်းမှုတွင် အဓိကအသုံးပြုနေသည့် Mobile Wallet များ တင်းကျပ်စွာစောင့်ကြည့်လျက်ရှိပြီး တရားမဝင် ငွေစာရင်းများဖွင့်လှစ်ရာတွင် အသုံးပြုသည့် မှတ်ပုံတင်မထားသော SIM ကတ်များကို အပြီးတိုင်ပိတ်သိမ်းရန် ဆက်သွယ်ရေးအော်ပရေတာများကို တင်းကျပ်စွာ စီမံထားရှိပြီး အွန်လိုင်းလောင်းကစားမှုများ လျှော့ချစေရန်အတွက် နည်းပညာအသုံးပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြေပြင်စီးနင်းရှာဖွေမှုနှင့် ဖမ်းဆီးနှိမ်နင်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် လောင်းကစားဂိမ်းဆိုင်များ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းဗဟိုချက်အသွင် လုပ်ကိုင်နေသည့် ရုံးခန်းများကို သတင်းရယူကာ ရှောင်တခင်ဝင်ရောက်စီးနင်းဖမ်းဆီးခြင်း၊ ပစ္စည်းများနှင့် ငွေကြေးများသိမ်းဆည်းခြင်း၊ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ အခြေစိုက်လေ့ရှိသည့် နယ်စပ်ဒေသများတွင် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ နိုင်ငံဖြတ်ကျော်မှုခင်း နှိမ်နင်းရေးစီမံချက်များဖြင့် ဖမ်းဆီးခြင်း၊ တရားခံလွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစား မှုများပပျောက်စေရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ လယ်ဝေးမြို့နယ်ရှိ ကျေးရွာခွဲ ၂၆ ရွာသည် တရားမဝင်ကျေးရွာများကဲ့သို့ ဖြစ်နေပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင်အမည်ပေါက်စာရင်းတွင် စိစစ်သတ်မှတ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လယ်ဝေးမြို့နယ်ရှိ ကျေးရွာ ၂၆ ရွာအနက် ၂၄ ရွာသည် သစ်တောကြိုးဝိုင်းများအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ အဆိုပါသစ်တောမြေအတွင်း ကျရောက်နေသည့် ကျေးရွာ ၂၄ ရွာအား ပြည်ထဲရေးဝန်ကြီးဌာန အသိအမှတ်ပြုနိုင်ရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထောက်ခံ၍ နိုင်ငံတော်သမ္မထံတင်ပြပြီး ခွင့်ပြုချက်ရရှိပါက သစ်တောမြေမှပယ်ဖျက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပယ်ဖျက်မိန့်ရရှိပါက ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၏ လူမှုကွန်ရက်အမျိုးမျိုးအားအသုံးပြု၍ အကြမ်းဖက်ရန်လှုံ့ဆော်နေသူများနှင့် မမှန်သတင်းဖြန့်ချိနေသူများကို ဖော်ထုတ်အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် အနာဂတ်ဆောင်ရွက်မည့် အစီအစဉ်များ ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက အကြမ်းဖက်သွေးထိုးလှုံ့ဆော်မှုနှင့် တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲစေရန် လူမှုကွန်ရက် အမျိုးမျိုးကို အသုံးပြု၍ အကြမ်းဖက်ရန်လှုံ့ဆော်နေသူများနှင့် နိုင်ငံ့ဂုဏ်သိက္ခာကျစေရန် မမှန်သတင်းများ ဖြန့်ချိနေသူများကို ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့အရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ဖွဲ့စည်းပြီး အမှုဖွင့်အရေးယူခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေး ကော်မတီအနေဖြင့် တန်ပြန်ဆောင်ရွက်ခြင်း၊ တယ်လီဖုန်းနံပါတ်နှင့် ဘဏ်အကောင့်မှတ်တမ်းများကို ပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒများ၊ အစီအမံများ၊ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ လုံခြုံရေးစနစ်များတိုးမြှင့် ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးပညာပေးပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆောင်ရွက်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ပေးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ပြန်လည်တိုးမြှင့်နိုင်ရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိစေရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုံမှန်လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ ထူးခြားဖြစ်စဉ်နှင့် မသင်္ကာဖွယ်ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရယူခြင်း၊ နယ်မြေအလိုက်ဖြစ်ပွားလာနိုင်သည့် အရေးပေါ်အခြေအနေများကို အချိန်မီတုံ့ပြန်နိုင်ရန် ဆက်သွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးစနစ်များကို အဆင်သင့်ထားရှိခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်၊ သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်း ပြောင်းလဲမှုများအပေါ် သုံးသပ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်ကို အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံ ရေးအတွက် နယ်မြေရဲကင်းစခန်းများ ဖွင့်လှစ်၍ နယ်မြေအတွင်း ကင်းလှည့်စောင့်ရှောက်ခြင်း၊ ပြစ်မှုကျူးလွန်တတ်သူများ၊ အလားအလာရှိသူ လူဆိုးသူခိုးများ စောင့်ကြပ်ထိန်းသိမ်းခြင်း၊ ဒုစရိုက်မှုများ နှိမ်နင်းခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူလိုသည့် လူငယ်များအတွက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခုဖွင့်လှစ်ပြီး စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းများအပြင် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသော သင်တန်းသားများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန၌ လစ်လပ်ရာထူးများတွင် ပညာအရည်အချင်းအပေါ်မူတည်၍ ဝန်ထမ်းအဖြစ် ခန့်အပ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်း၏ မိုင်းနောင်လမ်းခွဲမှ လဲချားမြို့အထိ ၄၄ မိုင်ခန့်သည် လမ်းများပျက်စီးပြီး ကျဉ်းနေသဖြင့် လမ်းအကျယ် ၁၈ ပေခန့်ချဲ့ပေးရန်၊ လဲချားမြို့တွင်း ၂ မိုင်ခန့်အား နိုင်လွန်ကတ္တရာအဖြစ် အဆင့်မြှင့်ပေးပါရန်၊ လဲချားမြို့နှင့် ပင်လုံမြို့ကြားဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းတွင် လဲချားမြို့နယ်ပိုင်း ၁၃ မိုင်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်လုံလောက်စွာ ချပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မိုင်းနောင်လမ်းခွဲမှ လဲချားမြို့အထိ လမ်းပိုင်း ၄၆ မိုင် ၆ ဖာလုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း၊ ကတ္တရာလမ်းပြုပြင်ခြင်း၊ မြေညှိစက်ဖြင့် လမ်းပုံဖော်ခြင်းနှင့် ပုံမှန်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် အပိုင်းလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ၁၈ ပေ အကျယ်ချဲ့ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လဲချားမြို့တွင်း ၂ မိုင်ကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဆင့်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်းတို့ကို သတ်မှတ်ထားသည့်အတိုင်း အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လဲချားမြို့နှင့် ပင်လုံမြို့ ၁၂ မိုင်ကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းတို့ကို သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုးနဲမဲဆန္ဒနယ်မှ စိုင်းထွန်းလင်း၏ မိုးနဲမြို့နယ် နမ့်တိန်ချောင်းကူးတံတားဟောင်းနေရာတွင် သံကူကွန်ကရစ်တံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိနှင့်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မိုးနဲမြို့နယ်ရှိ နမ့်တိန်ချောင်းကူး ဘေလီတံတားအရှည်ပေ ၃၆၀ ကို ကြံ့ခိုင်မှုရှိစေရန်အတွက် တံတားပြုပြင်ခြင်းလုပ်ငန်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအသစ် တည်ဆောက်နိုင်ရေးအတွက် ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများနှင့် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို တံတားအထူးအဖွဲ့များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုနှင့် နယ်မြေအခြေအနေအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၏ ဘော်ဆိုင်းကျေးရွာအုပ်စုမှ ဟဲဟိုးမြို့သို့ အထွက်အကျယ် ၁၂ ပေ၊ အရှည် ၁၉ မိုင်ခန့်ရှိသော ကတ္တရာလမ်းမှာ ပျက်စီးနေသောကြောင့် အဆိုပါလမ်းအား အကျယ် ၁၈ ပေရှိသည့် ကတ္တရာလမ်းအဖြစ်အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကလော မြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုမှ ဟဲဟိုးမြို့သို့ အထွက်လမ်းပိုင်းမှာ ၂၅ မိုင် ၇ ဖာလုံရှိပြီး အဆိုပါလမ်းပိုင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်းချဲ့ရန် အခြေခံလွှာချဲ့ခင်းခြင်း၊ ကတ္တရာလမ်းပြုပြင်ခြင်း၊ လမ်းပခုံးပြုပြင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ သတ်မှတ်အပိုင်းလိုက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၁၈ ပေ အကျယ်ချဲ့ရန် ကျန်ရှိသော ၁၈ မိုင် ၂ ဖာလုံ အနက် ၁ မိုင် ၂ ဖာလုံမှာ ဟဲဟိုးလေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့မည့် လျာထားလမ်းကြောင်းတွင် ပါဝင်နေသည့် အတွက် ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ်ထားရှိမည်ဖြစ်ပြီး ကျန် ၁၇ မိုင်အား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းတွင် လျာထား ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သာစည်မဲဆန္ဒနယ်မှ ဒေါ်ကြူကြူမော်၏ သာစည်မြို့တောင်ဘက် သာစည်-ညောင်ရမ်းလမ်းပေါ်ရှိ အရှည်ပေ ၁၂ဝ ၊ အကျယ် ၁၈ ပေရှိ ပျက်စီးနေသော ဉာဏ်ကန်သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က သာစည်မြို့တောင်ဘက် သာစည်-ညောင်ရမ်းလမ်းပေါ်ရှိ ဉာဏ်ကန်တံတားအား လက်ရှိအခြေအနေအရ တံတားအောက်ထည်နှင့် သံပေါင်ယက်မများ ကြံ့ခိုင်မှုရှိနေပါသဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တံတားအပေါ်ထည်ကြမ်းခင်းနှင့် လက်ရန်းအစားထိုး လဲလှယ်ခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဇွန် ၁၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်