နေပြည်တော် ဇူလိုင် ၂၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တံတားဖြတ်သန်းသွားလာခွင့်ပြုပေးနိုင်ရေး၊ ပယ်ဖျက်ခဲ့သော ဥပဒေများနှင့် မူးယစ်ဆေးဝါးပပျောက်ရေး ဥပဒေပြန်လည်ပြဋ္ဌာန်းပေးနိုင်ရေး၊ မြေငှားဂရန်ခွင့်ပြုမိန့်ရရှိရေး၊ မီးသတ်စခန်းနှင့် ဆေးကုဆောင်တည်ဆောက်ပေးနိုင်ရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အလယ်တန်းနှင့် အထက်တန်းအဆင့် တိုးမြှင့်ပေးနိုင်ရေး၊ ဆေးရုံအဆင့်တိုးမြှင့်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ သီပေါတံတားအား မည်သို့မည်ပုံ စည်းစနစ်ဖြင့် ဒေသခံပြည်သူများ၊ ဒေသတွင်း ကား၊ ဒေသအတွင်း ကုန်စည်စီးဆင်းဖြတ်သန်း သွားလာခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက သီပေါမြို့နယ်သည် ရှမ်းပြည်နယ် ကျောက်မဲခရိုင်၌ တည်ရှိပြီး အကျယ်အဝန်းမှာ ၂၀၄၅ ဒသမ ၀၂ စတုရန်းမိုင်ကျယ်ဝန်းပါကြောင်း၊ သီပေါမြို့နယ်အတွင်း၌ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာပေါင်း ၄၇၆ ရွာ ရှိပြီး လူဦးရေစုစုပေါင်း ၁၅၄၆၆၃ ဦး နေထိုင်လျက်ရှိပါကြောင်း၊ သီပေါတံတားသည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီး သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်နှင့် ပန်စောက်မိန်းကျေးရွာအုပ်စုကြား မိုင် ၁၃၀/၃ - ၁၃၀/၄ အတွင်း ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ တံတားအရှည်မှာ ၅၆၉ ပေ၊ တံတားအကျယ်မှာ ယာဉ်သွား လမ်း ၂၈ ပေ၊ လူသွားလမ်း ၅ ပေရှိပါကြောင်း။
၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်မှစတင်၍ MNDAA၊ TNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများသည် သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် မိမိတို့ လုံခြုံရေးတပ်ဖွဲ့များသည် ယာယီဆုတ်ခွာခဲ့ရပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သီပေါမြို့အား တပ်မတော်စစ်ကြောင်းများမှ ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တိုက်ခိုက်ချေမှုန်းခဲ့ရာ ၁၈-၁၀-၂၀၂၅ ရက်တွင် နယ်မြေစိုးမိုးမှုပြန်လည်ရရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ သီပေါမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သီပေါတံတားသည် ငြိမ်းချမ်းစဉ်က နွေ၊ မိုး၊ ဆောင်းသွားလာနိုင်သော်လည်း လက်ရှိလုံခြုံရေးအခြေအနေများအရ သီပေါမြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုတွင်သာ နယ်မြေစိုးမိုးမှုရရှိပြီး MNDAA၊ TNLA နှင့် PDF အမည်ခံအကြမ်းဖက်အုပ်စုများမှ အလုံးစုံဆုတ်ခွာသွားခြင်းမဟုတ်ဘဲ သီပေါတံတားအရှေ့ဘက်ခြမ်းနှင့် ကျန်ကျေးရွာအုပ်စုများတွင် အခြေပြုလှုပ်ရှားသွားလာလျက်ရှိသဖြင့် လုံခြုံရေးအခြေအနေများအရ သီပေါတံတားအား ယာယီပိတ်ထားရခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ဒေသတွင်းတည်ငြိမ်ရေးကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများက လက်ရှိတွင် ဒေသတွင်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးကောင်းမွန်စိတ်ချရသည့် နမ့်လန်-ကျောက်ဂူ-ရပ်စောက်လမ်းမှ သွားလာနိုင်ပါကြောင်း ဖြေကြားသည်။
ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးစောမောင်၏ ပယ်ဖျက်ခဲ့သော ဥပဒေ(၅)ချက်ကို မူလဥပဒေများအတိုင်း ပြန်လည်အတည်ပြုပေးရန်နှင့် မူးယစ်ဆေးများ ပပျောက်သွားရန် မူလအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ဥပဒေအား ပြန်လည်ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ရုပ်သိမ်းခဲ့ပြီးဖြစ်သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေတို့သည် ပြစ်မှုကျူးလွန်သူများကို လက်ရှိအရေးယူဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေများဖြင့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လုံလောက်မှုရှိပါသောကြောင့် ပြန်လည်ပြဋ္ဌာန်းရန် မလိုအပ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေအခန်း(၉)အား စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင်ပြဋ္ဌာန်းရန် မလိုအပ်ပါကြောင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ အခန်း(၄) တားမြစ်ချက်များအား ၃-၂-၂၀၂၆ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင် ပြဋ္ဌာန်းရန် မလိုအပ်ပါကြောင်း၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေသည် ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာများဆိုင်ရာ အထူးအစည်းအဝေး အကြံပြုချက်များနှင့်အညီ ၃၁-၁၂-၂၀၂၅ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ခြင်းမရှိပါကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၈ နှင့် ၁၅၈၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀(က)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀(က)တို့အရ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေကြမ်းများ တင်သွင်းခွင့်ရှိပါကြောင်း ဖြေကြားသည်။
အင်းစိန်မဲဆန္ဒနယ်မှ ဦးငြိမ်းထွေး၏ အင်းစိန်မြို့နယ်တွင် မြေငှားဂရန်ခွင့်ပြုမိန့် ရရှိရေးဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက အင်းစိန်မြို့နယ်သည် ရန်ကုန်တိုင်ဒေသကြီး အင်းစိန်ခရိုင်အတွင်းတည်ရှိပြီး ရပ်ကွက် ၂၁ ရပ်ကွက်၊ အိမ်ခြေ ၄၇၀၅၅ လုံး၊ အိမ်ထောင်စု ၆၃၃၇၈ စု၊ လူဦးရေ စုစုပေါင်း ၂၇၃၉၅၇ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အင်းစိန်မြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်ပါသောကြောင့် မြေငှားဂရန်ထုတ်ပေးခြင်းအား သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေများအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့မြေအတွင်း လူနေထိုင်သည့် မြေဧရိယာ ၂၅၀၃ ဧကအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသော မြေ/မြေပိုင်မြေ ဟုတ်/ မဟုတ်၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်နှင့် နိုင်ငံခြားသားပိုင်မြေ ဟုတ်/ မဟုတ် အစရှိသည့် ပိုင်ဆိုင်မှုမှတ်တမ်းများကို စစ်ဆေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မြေပိုင်ဆိုင်မှုမှတ်တမ်းများ စိစစ်ဆောင်ရွက်ပြီး မြေအမျိုးအစားအလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံပိုင်ခွင့်ရှိသောမြေဖြစ်ပါက ဥပဒေနှင့်အညီ မြေငှားဂရန် စိစစ်ထုတ်ပေးသွားရန်နှင့် အခြားဝန်ကြီးဌာနများမှ စီမံခန့်ခွဲခွင့်ရှိသောမြေဖြစ်ပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ နိုင်ငံခြားသားပိုင်မြေကို ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်း နိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန၊ မရွှေ့မပြောင်း နိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့သို့ အမွေဆက်ခံခွင့်ရရှိရန် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အလို့ငှာ လျှောက်ထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
သို့ပါ၍ အင်းစိန်မြို့နယ် ရပ်ကွက်(၂၁)ရပ်ကွက်တွင် နေထိုင်ကြသော ပြည်သူများအတွက် မြေငှားဂရန် ချထားပေးရန်ကိစ္စနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၏ ကော့ကရိတ်မြို့နယ် နဘူးနှစ်ချားကျေးရွာတွင် မီးသတ်စခန်းတည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက နဘူးနှစ်ချားကျေးရွာသည် ကျေးရွာ ၅ ရွာ ပါဝင်သည့် နဘူးနှစ်ချား ကျေးရွာအုပ်စုတွင်ပါဝင်ပြီး အိမ်ထောင်စု ၆၈၉ စု၊ အိမ်ခြေ ၆၆၀၊ လူဦးရေစုစုပေါင်း ၄၁၄၂ ဦး ရှိပါကြောင်း၊ နဘူးနှစ်ချားကျေးရွာသည် ကော့ကရိတ်မြို့၏ အနောက်မြောက်ဘက် ၁၅ မိုင် ခန့် ကျုံဒိုးမြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ တွင်တည်ရှိပြီး တိုက်နယ်ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်း၊ စာတိုက်၊ ရုပ်မြင်သံကြားစက်ရုံနှင့် ခြေမြန်တပ်ရင်း ၃ ရင်းရှိသည့် လူနေထူထပ်သောကျေးရွာကြီးဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေမီးသတ်စခန်းဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း။
ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် နဘူးနှစ်ချားကျေးရွာတွင် နဘူးနယ်မြေမီးသတ်စခန်း ဖွင့်လှစ်နိုင်ရန်အတွက် ကျေးရွာသူ ကျေးရွာသားများမှ နဘူးကျေးရွာကွင်းအမှတ် ၃၄/ခ တနင်စာ တောင်ကွင်း၊ ဦးပိုင်အမှတ် ၂၁ ၊ ဥယျာဉ်မြေအမျိုးအစား ၀ ဒသမ ၂၈ ဧကအား မီးသတ်ဦးစီးဌာနသို့ လှူဒါန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နဘူးနယ်မြေမီးသတ်စခန်းအား ဖွဲ့စည်းပုံခွင့်ပြုပေးပြီးဖြစ်ပါ၍ နယ်မြေမီးသတ် စခန်းအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းများအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးစောမောင်၏ ပညာအရည်အချင်း ပိုမိုမြင့်မားလိုလျှင် မိခင်ဘာသာစကားဖြင့် ပြောင်းလဲသင်ယူနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် မြန်မာဘာသာစကားကို အခြေခံထား၍ သင်ကြားပြီး ဘာသာစကားတစ်မျိုးတည်းကို အသုံးပြုခြင်းမဟုတ်ဘဲ Bilingual Education ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ သဘောတရားများကို နားလည်တတ်မြောက်စေရန် မိခင်ဘာသာစကားဖြင့် တွဲဖက်ရှင်းလင်းသင်ကြားမှုကို အားပေးဆောင်ရွက်လျက်ပါကြောင်း။
အထက်တန်းအဆင့် သိပ္ပံဘာသာရပ်များတွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော်လည်း စာသင်ခန်းအတွင်းသင်ကြားရာ၌ ကျောင်းသားများ သဘောတရားကို ပိုင်နိုင်စွာ နားလည်စေရန် မိခင်ဘာသာစကား(မြန်မာစာ)ဖြင့် တွဲဖက်ရှင်းလင်း သင်ကြားနိုင်သည့်စနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ မူလတန်းအဆင့်တွင် ကလေးများ၏ အခြေခံစာဖတ်စွမ်းရည်နှင့် အတွေးအခေါ်တည်ဆောက်နိုင်ရန် မိခင်ဘာသာစကားဖြင့် သင်ကြားပေးပြီး တိုင်းရင်းသားဘာသာစကားကိုလည်း သင်ကြားပေးပါကြောင်း၊ အလယ်တန်းအဆင့်တွင် မြန်မာစာနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို အခြေခံကောင်းစေရန် စနစ်တကျသင်ကြားပေးပြီး အထက်တန်းနှင့် တက္ကသိုလ်အဆင့်တို့တွင် အင်္ဂလိပ်ဘာသာစကားကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပေးရင်း ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို မြန်မာဘာသာဖြင့်ပါ တွဲဖက်ရှင်းလင်းပေးသည့်စနစ်ကို ကျင့်သုံးပါကြောင်း။
လက်ရှိအခြေခံပညာရေးစနစ်သည် လက်တွေ့ကျသော ပညာရေးကဏ္ဍ ပြန်လည်သုံးသပ်ရေး လုပ်ငန်းများ၏ ဆန်းစစ်တွေ့ရှိချက်များကို အခြေခံ၍ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ထားခြင်းဖြစ်၍ မိခင်ဘာသာစကားတစ်မျိုးတည်းဖြင့် သင်ကြားနိုင်ရေး ဆောင်ရွက်ရန် မသင့်ပါကြောင်း။
ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာဘာသာရပ်များကို ပိုမိုထိရောက်စွာ သင်ကြားသင်ယူနိုင်စေရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော ပြဋ္ဌာန်းစာအုပ်များကို ရည်ညွှန်းအသုံးပြုသော်လည်း သင်ကြားသင်ယူမှုများတွင် Bilingual ဘာသာစကား (၂)မျိုးဖြင့် သင်ကြားပို့ချ ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် အဆင့်မြင့်ပညာ ပိုမိုမြင့်မားလိုလျှင် မိခင်ဘာသာစကား တစ်မျိုးတည်းဖြင့် ပြောင်းလဲသင်ကြားရန် မသင့်လျော်ပါကြောင်း ဖြေကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်စမ်းစမ်းဌေး၏ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်ကြားနိုင်ရေးအတွက် ဥပဒေနှင့်အညီ အဆင့်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရေး၊ မည်သည့်ခွဲခြားမှုမျှ မရှိစေရေးနှင့် ကျောင်းထွက်သူမရှိစေရေးတို့ကို မူဝါဒများအရ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအဖြစ် အသစ်ထပ်မံဖွင့်လှစ် ခြင်းမပြုတော့ဘဲ ယခင်ဖွင့်လှစ်ထားသည့် အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၉၈ ကျောင်းကို ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့ရာ ယခုအခါ အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၈၃ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံပညာရေးကော်မတီ၏ (၁/၉၆) အစည်းအဝေးတွင် “ဘုန်းတော်ကြီးသင် ကျောင်းများတွင် အလယ်တန်းပညာသင်ကြားခြင်းကို ခွင့်မပြုရန်” ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများသည် သာသနာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိသော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး၊ ပညာဆက်လက်သင်ယူခွင့်ရရှိစေရေးအတွက် အခမဲ့ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနက ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇၆ ကျောင်းကို မူလတန်းအဆင့်မှ မူလတန်းလွန်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လစာရင်းအရ) တွဲဖက်အထက်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်း၊ အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၉၃ ကျောင်း၊ မူလတန်းလွန် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၆၁၆ ကျောင်းနှင့် မူလတန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၅၂ ကျောင်း၊ စုစုပေါင်း ၁၃၆၃ ကျောင်း ဖွင့်လှစ်ထားရှိပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၉၄၈၉၁ ဦး၊ ဆရာ ဆရာမ စုစုပေါင်း ၁၀၁၉၇ ဦးတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်သို့ လတ်တလောတိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အတန်းအဆင့်အလိုက် ပြီးမြောက်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နီးစပ်ရာ အခြေခံပညာကျောင်းများသို့ ကူးပြောင်းတက်ရောက် ပညာသင်ကြားနိုင်ပါကြောင်း ဖြေကြားသည်။
မိုးညှင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မိုးညှင်း ခုတင် (၁ဝဝ)ဆံ့ ဆေးရုံအား ခုတင်(၂ဝဝ)ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ကချင်ပြည်နယ် မိုးညှင်းမြို့တွင် လူဦးရေ ၃၀၀၀၉၃ ဦးရှိပြီး၊ ခုတင်(၁၀၀)ဆံ့ မိုးညှင်းပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ ခြောက်ရုံ၊ မိခင်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်နှင့် ကျေးလက်ကျန်းမာရေးဌာန ခြောက်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၉ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့ ခုတင်(၁၀၀)ဆံ့ဆေးရုံ၏ တစ်နေ့ပျမ်းမျှအတွင်း လူနာဦးရေ ၅၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အတွင်းလူနာဦးရေမှာ ခွင့်ပြုခုတင်အရေအတွက်ထက် စဉ်ဆက်မပြတ် ကျော်လွန်နေမှသာ ခုတင်အဆင့်မြှင့်တင်ခြင်းကို ဦးစားပေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင် (၂၀၀) သို့ အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။
မိုးညှင်းခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်(၁)ဦးနှင့် အထူးကုဆရာဝန်များအနေဖြင့် (ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ သွားကျန်းမာ၊ အရိုး) တို့အား ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန်နှစ်ဦးကို ၁၅-၇-၂၀၂၆ ရက်က ထပ်မံပြောင်းရွှေ့ခန့်ထားပေးခဲ့ပြီး လက်ထောက်ဆရာဝန်အထူးကု(ဆေးပညာနှင့် မေ့ဆေး)တို့ကို ထပ်မံခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ ခွဲစိတ်ဆရာဝန်အနေဖြင့်လည်း အကြီးစားခွဲစိတ်မှုများကို နိုင်နင်းစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိသော အထူးကုဆရာဝန်များကို ခန့်ထားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လူ့စွမ်းအားမွေးထုတ်နိုင်မှုအပေါ် မူတည်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထပ်မံခန့်ထားသော သစ်လွင်သူနာပြုခြောက်ဦးသည်လည်း ၂၂-၆-၂၀၂၆ ရက်မှစ၍ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း ဖြေကြားသည်။
ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၏ ရွှေတောင်မြို့တွင် တိုင်းရင်းသမားတော် ဆေးကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၁ ဒသမ ၉၆ အား မြို့မိမြို့ဖများထံမှ လှူဒါန်းရရှိခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန အမည်ပေါက်ပြောင်းလဲနိုင်ရေးနှင့် လယ်ယာမြေမှ အခြားနည်းလမ်းအသုံးပြုခွင့်အား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနသို့ လျှောက်ထားဆဲဖြစ်ပါကြောင်း။
ရွှေတောင်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာန ဆေးခန်းတစ်ခန်း ဖွင့်လှစ်ထားရှိပြီး ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ် ပျမ်းမျှလူနာ ၁၅ ဦးခန့် လာရောက်၍ ကုသမှုခံယူနေပါကြောင်း၊ ရွှေတောင်မြို့သည် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံရှိသည့် ပြည်မြို့နှင့် ကိုးမိုင်ခန့်သာ ကွာဝေးပြီး ရာသီမရွေး ရထားလမ်း၊ ကားလမ်းများဖြင့် အချိန်မိနစ်၂၀ အတွင်း သွားရောက်နိုင်ပါသဖြင့် လတ်တလောတွင် ရွှေတောင်မြို့၌ တိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို ဇူလိုင် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
