Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇူလိုင် ၂၄

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အကြမ်းဖက်မှုများကင်းစင်ပပျောက်ရေး အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအသစ် တည်‌ဆောက်ပေးနိုင်ရေး၊ ကျေးရွာများ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေး၊ ဆရာ ဆရာမများ ခန့်ထားပေးနိုင်ရေးနှင့် ကျောင်းပြင်ပပညာရေးကျောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊ ကျောင်းများအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှု စည်းကမ်းသတ်မှတ်ရေးနှင့် Digital Safety ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်၏ ပြည်သူ့ဝန်ဆောင်မှုရုံး (OSSရုံး) များ ဖွင့်လှစ်လျက်ရှိသော်လည်း အချို့ရုံးမြေနေရာ၊ ရုံးသုံးပစ္စည်းကိရိယာများနှင့် ဘဏ္ဍာငွေမရှိခြင်းတို့ကြောင့် တိုးမြှင့်ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မြန်မာနိုင်ငံ၏ကောင်းမွန်သော အုပ်ချုပ်မှုလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် OSS (ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ) အား စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကိုတားမြစ်၍ ထိရောက်သော ဝန်ဆောင်မှုအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများကအစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုများ ပြုနိုင်ရေးအထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ “ပြည်သူ့အတွက် OSS” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုရုံးများကို ခရိုင်ရုံးစိုက်ရာ မြို့နယ် ၇၂ မြို့နယ်တွင် ၇-၇-၂၀၁၅ ရက်နေ့၌ စတင်ဖွင့်လှစ်၍ ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ကျန်မြို့နယ်များ၌လည်း ၁၂-၁၀-၂၀၁၅ ရက်မှစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ရာ နယ်မြေအခြေအနေနှင့် ဒေသအနေအထားအရ မဖွင့်လှစ်နိုင်သည့်ရုံး ၁၄ ရုံးမှအပ မြို့နယ်ပေါင်း ၃၃၀ တွင် ၃၁၆ ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ဆောင်မှုအမျိုးအစားပေါင်း ၁၆၄ မျိုးကို ဌာန ၂၉ ခုဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအားဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် (OSS) ရုံးများထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး ဆပ်ကော်မတီကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၁-၈-၂၀၁၅ ရက်စွဲဖြင့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးအားဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ကာ (OSS) ရုံးများ စတင်ဖွင့်လှစ်သည့်အချိန်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရုံး၏ အမိန့်ကြော်ငြာစာ (၄/၂၀၂၅) ဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop များ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုဖျက်သိမ်းခဲ့ပြီး အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းမရှိပါသဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များတွင် ဝန်ဆောင်မှုပေးနေသည့် ဌာနများအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းများအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ၎င်းတို့၏ သက်ဆိုင်ရာရုံးများတွင် သာ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးစောမောင်၏ ယင်းမာပင်ခရိုင်ရှိ နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရန် ခက်ခဲလျက်ရှိပါသဖြင့် အကြမ်းဖက်များကင်းစင်ပပျောက်ရေး အမြန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်တွင် ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် လေးမြို့နယ်ပါဝင်ပြီး ကနီမြို့နယ်တွင် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု ၄၅ အုပ်စု၊ ကျေးရွာ ၁၈၈ ရွာဖြင့်လည်းကောင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု ၃၉ အုပ်စု၊ ကျေးရွာ ၁၅၀ ဖြင့်လည်းကောင်း၊ ပုလဲမြို့နယ်တွင် ရပ်ကွက်နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကျေးရွာ ၁၉၁ ရွာဖြင့်လည်းကောင်း၊ ယင်းမာပင်မြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၆၈ ရွာတို့ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း။

အဆိုပါဒေသများတွင် ၂၀၂၁ ခုနှစ်မှစတင်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ဒေသခံပြည်သူများအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူအများစုမှာ ပြည်တွင်း/ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့်အပြင် လုံခြုံရေးကောင်းမွန်သည့် အခြားဒေသများသို့လည်း နေရပ်စွန့်ခွာ၍ တိမ်းရှောင်လျက်ရှိပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ လေးမြို့နယ်နှင့် ကျေးရွာများတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဦးဆောင်ကွပ်ကဲမှုဖြင့် တပ်မတော် တပ်ရင်း/တပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များမှ အခြေပြုလုံခြုံရေးကင်းများအပြင် တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲကွန်မန်ဒိုစစ်ကြောင်းတို့ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ယင်းမာပင်ခရိုင်အတွင်း နယ်မြေအခြေအနေမှာ အထိုက်အလျောက် တည်ငြိမ်အေးချမ်းစပြုလာပြီဖြစ်ပါကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ကင်းစင်ပပျောက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

မချမ်းဘောမဲဆန္ဒနယ်မှ ဦးငွါးရဲ့ဆဲ၏ မချမ်းဘောမြို့နယ်တွင် မီးသတ်ဦးစီးဌာနအတွက် အဆောက်အအုံကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မချမ်းဘောမြို့နယ် မီးသတ်ဦးစီးမှူးရုံးနှင့်စခန်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂူဘားရိပ်သာ၊ လိပ်ပြာဆောင်တွင် ရုံးခန်းဖွင့်လှစ်ထားရှိပြီး ဒုတိယမီးသတ်ဦးစီးမှူးဦးစီး တပ်ဖွဲ့ဝင် ၁၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင် ၃၂ ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မြို့နယ်၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိကာ ၁၀ နှစ်အတွင်း မီးလောင်မှုနှစ်ကြိမ်ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ မချမ်းဘောမြို့နယ်မီးသတ်ဦးစီးဌာနရုံး ဖွင့်လှစ်ရန်အတွက် ပူတာအိုခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်ဖြင့် ခွင့်ပြုချထားပေးသည့် မချမ်းဘောမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြို့မ ၃၊ ဦးပိုင်အမှတ်(၁၂/၅)ရှိ မြေဧရိယာ ၂ ဒသမ ၀၀ ဧကတွင် မြို့နယ်မီးသတ်စခန်း အဆောက်အအုံ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လိုအပ်လျက်ရှိသော မြို့နယ် မီးသတ်စခန်းအဆောက်အအုံ ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 မိုးကောင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းအောင်၏ မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ တရားဝင်လုံခြုံရေးဂိတ်များ၏ တရားမဝင်ကောက်ခံနေမှုများကို လျော့ပါး/ပပျောက်အောင် ဆောင်ရွက်ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်၍ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ နယ်မြေများတွင် မော်တော်ယာဉ်များအား ပြည်ထောင်စုလမ်းမကြီးအတိုင်း ဖြတ်သန်းခွင့်မပြုဘဲ ၎င်းတို့ဖောက်လုပ်ထားသည့် ကွင်းလမ်းများမှသာ မော်တော်ယာဉ်များအား ဖြတ်သန်းမောင်းနှင်စေပြီး ဖြတ်သန်းခငွေကြေးများကို အဆမတန်ကောက်ခံခြင်း၊ မော်တော်ယာဉ်များကို တားဆီးစစ်ဆေး၍ ကုန်ပစ္စည်းများသိမ်းယူခြင်း၊ ခရီးသွားပြည်သူများအား ဖမ်းဆီး၍ ပြန်ပေးငွေများဖြင့် ရွေးယူစေခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသောကြောင့် ကုန်စည်များသယ်ယူပို့ဆောင်ရာတွင်လည်းကောင်း၊ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာရာတွင်လည်းကောင်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး အများပြည်သူအေးချမ်းလုံခြုံစွာသွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်၌ ရတနာပုံတံတား (နှာပေါက်) စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်၌ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အဝင်တွင် ကိုးပင်ပူးပေါင်း စစ်ဆေးရေးဂိတ်၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာရှိ (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်ဟူ၍ စုစုပေါင်းဂိတ် ငါးဂိတ်ရှိပါကြောင်း၊ အဆိုပါဂိတ်များတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့အပြင် အခြားဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ၊ ကြီးကြပ် ကန့်သတ်ပစ္စည်းများ၊ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေးနှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုအဖွဲ့ဝင်များမှ မြို့/ရွာများသို့ဝင်ရောက်ပြီး အကြမ်းဖက်ခြင်း၊ အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်ခြင်းမရှိစေရေး ဝင်/ထွက်သွားလာမှုမရှိစေရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

မန္တလေး - မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံ မှုများမရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျကြပ်မတ်ခြင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များ၏ ဆောင်ရွက်မှုအခြေအနေများကို CCTV ကင်မရာများတပ်ဆင်၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ မော်တော်ယာဉ်များထံမှ ငွေကြေးတောင်းခံခြင်းများမပြုရန် အသိပညာပေးတားမြစ်ခြင်း၊ ငွေကြေးတောင်းခံမှုများရှိပါက တာဝန်ရှိသူအဆင့်ဆင့်ထံ တိုင်ကြားနိုင်စေရေး အသိပေးစာများ၊ ဖုန်းနံပါတ်များပါရှိသော ဗွီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်း၊ တိုင်ကြားချက်များရရှိပါက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းတို့ဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာသွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါ စွမ်းဆောင်ရည်ထက် ကျဆင်းနေသော ကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက် ဝင်းအောင်က အင်တာနက်အသုံးပြုသူများအနေ ဖြင့် အင်တာနက်လိုင်း ဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိသည့် ကုမ္ပဏီများနှင့် ရယူအသုံးပြုရန်၊ အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားရန်၊ ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုပေးအပ်ရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm email သို့လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သော တိုင်ကြားလာမှု ၂၂၀၀ ရှိပြီး ၂၁၉၂ မှုကို ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသော ရှစ်မှုအား ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကြောင့် အသုံးပြုသူများက ၎င်းတို့၏ဆုံးရှုံးနစ်နာမှုများအား တိုင်ကြားလာလျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ ပြဋ္ဌာန်းထားသောဥပဒေများကို လိုက်နာဆောင်ရွက် ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၁ (က)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၅၂ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းဆိုင်ရာ အမိန့်များဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့်နည်းလမ်းများဖြင့် အရေးယူကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ စိုင်းကျော်လှ၏ ကွန်ဟိန်းမြို့နယ် ဟိုပန်၊ တာကော်နှင့် ဝမ်ပတ်ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာခွဲများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုမှ ကျေးရွာ ၁၈ ရွာ၊ တာကော်ကျေးရွာအုပ်စုမှ ကျေးရွာငါးရွာနှင့် ဝမ်ပတ်ကျေးရွာအုပ်စုမှ ကျေးရွာနှစ်ရွာတို့သည် လွိုင်မယ်ကြိုးဝိုင်းအတွင်း ကျရောက်ပြီး အဆိုပါကျေးရွာအုပ်စုသုံးအုပ်စု၊ ၂၅ ရွာ၏ ရွာမြေ ၂၉၇ ဒသမ ၈၈၈ ဧက၊ လယ်မြေ ၈၉၉ ဒသမ ၂၄ ဧက၊ သာသနာ/အများပိုင်မြေ ၃၂ ဒသမ ၆၂ ဧက၊ စုစုပေါင်း ၁၂၂၉ ဒသမ ၇၄၈ ဧကတို့ကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြို့မကျေးရွာအုပ်စုမှ ကျေးရွာခြောက်ရွာသည် ကျိုင်းခမ်းကြိုးဝိုင်းအတွင်းကျရောက်ပြီး ရွာမြေ ၂၄၈ ဒသမ ၅၃ ဧက၊ လယ်မြေ ၂၅၉ ဒသမ ၃၈ ဧကနှင့် သာသနာ/ အများပိုင်မြေ ၅ ဒသမ ၆၇ ဧက၊ စုစုပေါင်း ၅၁၃ ဒသမ ၅၈ ဧကတို့အား ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့ တွင် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ကွန်ဟိန်းမြို့နယ် ဟိုပန်ကျေးရွာအုပ်စုရှိ ပန်လုံကျေးရွာ၊ လွိုင်ဟန်းကျေးရွာ၊ ပန်ပေါင်းကျေးရွာ၊ တာကော်ကျေးရွာအုပ်စုရှိ ဝမ်အိန်ကျေးရွာနှင့် ဝမ်ဝိန်းကျေးရွာ၊ စုစုပေါင်းငါးရွာတွင် စာရင်းများကောက်ယူစဉ်က အိမ်ခြေ ၅၀ အောက် ကျေးရွာများဖြစ်သောကြောင့် သစ်တောမြေမှ ပယ်ဖျက်ပေးခြင်းမရှိခဲ့ပါကြောင်း၊ ယခင်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၁၉၇၂ ခုနှစ်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကျေးရွာများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင်မှ ကြိုးဝိုင်းတောဖွဲ့စည်းရာတွင် ပါဝင်သွားသည့် ကျေးရွာများဖြစ်ပါကြောင်း။

ကွန်ဟိန်းမြို့နယ် ကာလိမြို့၏ နယ်နိမိတ်အတွင်းရှိ ဟိုပန်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စု၊ ကွန်ဟိန်းမြို့မကျေးရွာအုပ်စုနှင့် ဝမ်ပတ်ကျေးရွာအုပ်စုတို့၏ ကျေးရွာခွဲများထဲမှ လွိုင်မယ်ကြိုးဝိုင်းနှင့် ကျိုင်းခမ်းကြိုးဝိုင်းအတွင်း ကျရောက်ပြီး ၂၀၁၃ ခုနှစ် သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်း အတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်မှု စာရင်းကောက်ယူထားသည့် ရွာမြေ ၅၄၆ ဒသမ ၄၁၈ ဧက၊ လယ်မြေ ၁၁၅၈ ဒသမ ၆၂ ဧက၊ သာသနာ/ အများပိုင်မြေ ၃၈ ဒသမ ၂၉ ဧက၊ စုစုပေါင်း ၁၇၄၃ ဒသမ ၃၂၈ ဧကအား မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ကွန်ဟိန်းမြို့နယ် ကာလိမြို့၏ နယ်နိမိတ်အတွင်းရှိ ဟိုပန်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စု၊ နားပွဲကျေးရွာအုပ်စုများအပါအဝင် ကျေးရွာခွဲများ၏ ကြိုးဝိုင်းတောများအတွင်း ကျရောက်နေမှုများအား သစ်တောမြေမှပယ်ဖျက်နိုင်ရေး ဆောင်ရွက်ရမည်ဆိုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့က နိုင်ငံတော်သမ္မတရုံးသို့ မူဝါဒခွင့်ပြုချက်ရယူ၍ ခွင့်ပြုချက်ရရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်အိဖြူလွင်၏ အကြောင်းအမျိုးမျိုးကြောင့် နှစ်အောက်ခဲ့ရသော လက်ရှိ ကျောင်းတက်နေသည့် ကလေးများအား Placement Test ပညာရေးအစီအစဉ်တွင် ပါဝင်ခွင့် သို့မဟုတ် သင့်လျော်သည့် အစီအစဉ်ဖြင့် အသက်နှင့် အတန်း ချိန်ညှိပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အသက် ၁၅ နှစ်ကျော်မှ ၁၈ နှစ်အရွယ် ကလေးများအတွက် ကျောင်းပြင်ပ ပညာရေးကျောင်း အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ကျောင်းပြင်ပသို့ရောက်ရှိနေသော သက်လွန်ကလေးများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကျောင်းပြင်ပပညာရေး Placement Test ဖြေဆိုခွင့်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး၏ မူလအသက် သတ်မှတ်ချက် ၁ဝ နှစ်မှ ၁၄ နှစ် အစား ၁ဝ နှစ်မှ ၁၆ နှစ်အတွင်းသို့လည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး၏ မူလအသက်သတ်မှတ်ချက် ၁၃ နှစ်မှ ၁၈ နှစ်အစား ၁၃ နှစ်မှ ၂၁ နှစ်အတွင်းသို့လည်းကောင်း အသက်သတ်မှတ်ချက်အား ဖြေလျှော့ပေး၍ Placement Test ဖြေဆိုခွင့်ရရှိရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်အတွက် ဩဂုတ်လ ဒုတိယပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်၍ သတင်းစာ၊ တီဗွီတို့မှလည်း ကြေညာသွားမည်ဖြစ်ပါကြောင်း၊။

Placement Test အစီအစဉ်တွင် ပါဝင်ခွင့်နှင့် အသက် ၁၅ နှစ်၊ ၃ လကျော် ကလေးများအတွက် ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဆိုင်ရာ ကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဂန့်ဂေါမြို့မှာ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဖြေဆိုမည့်ကလေးငယ်များ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ဖြေကြားသည်။

ခန္တီးမဲဆန္ဒနယ်မှ ဦးဂုဏ်ဝမ်း၏ ခန္တီးမြို့နယ်အတွင်း ဆရာ ဆရာမ လိုအပ်လျက်ရှိသည့် ကျောင်းများအားလုံးကို ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် ခန့်အပ်နိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ခန့်အပ်မည်ဆိုပါက မည်သည့်အချိန် ခန့်အပ်မည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်တွင် ထက်ဆင့်သင်ကျောင်း ရှစ်ကျောင်း၊ လယ်ဆင့်သင်ကျောင်း ၂၅ ကျောင်းနှင့် မူဆင့်သင်ကျောင်း ၅၈ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းရှိသည့်အနက် သင်ကြားရေးဆရာအင်အားအနေဖြင့် ထက်ဆင့်သင် ဆရာ ၆၃ ဦး၊ လယ်ဆင့်သင်ဆရာ ၃၅ ဦး၊ မူလတန်းကျောင်းအုပ် ၄၁ ဦး၊ မူဆင့်သင်ဆရာ ၁၃၁ ဦး၊ စုစုပေါင်း ခန့်ထားသည့် ဆရာ ၂၇၀ ရှိပါကြောင်း၊ ယာယီတွဲဖက်ထားသော ဆရာနှစ်ဦး အပါအဝင် Language Teacher (LT) ၃၄ ဦး၊ Teaching Assistant (TA) ၁၀ ဦး၊ ရပ်ရွာခန့် စေတနာ့ဝန်ထမ်း ၄၉ ဦး၊ စုစုပေါင်း ၉၅ ဦးတို့ဖြင့် ဖြည့်ဆည်းသင်ကြား ပေးလျက်ရှိပါကြောင်း။

ကလေးများ၏ ပညာဆက်လက်သင်ယူနိုင်မှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ဆရာမရှိသည့်ကျောင်း ၁၃ ကျောင်းတွင် ရပ်ရွာခန့် စေတနာ့ဝန်ထမ်း ၁၈ ဦးဖြင့်လည်းကောင်း၊ ဆရာတစ်ဦးတည်းရှိသည့် ကျောင်း ၁၉ ကျောင်းတွင် ရပ်ရွာခန့်စေတနာ့ဝန်ထမ်း ၃၁ ဦးဖြင့်လည်းကောင်း သင်ကြားသင်ယူမှုလုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လယ်ဆင့်သင် ဆရာလိုအပ်ချက်များအား ပညာရေးဒီဂရီကောလိပ် ပုံမှန်နေ့သင်တန်း စတုတ္ထနှစ်အောင်မြင်ပြီးသော သင်တန်းဆင်းများခန့်ထားချိန်တွင်လည်းကောင်း၊ မူဆင့်သင်ဆရာလိုအပ်ချက်အား ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ Dip.EP သင်တန်းဆင်းများ ခန့်ထားချိန်တွင်လည်းကောင်း ဦးစားပေးဖြည့်ဆည်းခန့်ထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ခန္တီးမြို့နယ်အတွင်း ဆရာ ဆရာမ လိုအပ်လျက်ရှိသော ကျောင်းများအား ဖြည့်ဆည်းခန့်ထားနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့် မထိခိုက်စေရေးကို အဓိကထား၍ လက်ရှိတွင် ရပ်ရွာခန့်စေတနာ့ဝန်ထမ်းများဖြင့် ဖြည့်ဆည်းသင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်း ဆရာ ဆရာမများ ခန့်အပ်သည့်အချိန်တွင် ဒေသလိုအပ်ချက်ကိုအခြေခံ၍ ဦးစားပေးဖြည့်ဆည်း ခန့်ထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ အရွယ်မရောက်သေးသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုအပေါ် ကန့်သတ်ထိန်းချုပ်ခြင်း၊ Parental control စနစ်များ တိုးမြှင့်ခြင်း၊ ကျောင်းများအတွင်း Mobile Phone အသုံးပြုမှု စည်းကမ်းသတ်မှတ်ခြင်းနှင့် Digital Safety ပညာပေးအစီအစဉ်များ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုအပေါ် အသက်အလိုက်ကန့်သတ်ထိန်းချုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ဆိုက်ဘာ လုံခြုံရေးဥပဒေတို့တွင် ကလေးသူငယ်များ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံမှုကို အကာအကွယ် ပေးသည့် ပြဋ္ဌာန်းချက်များပါရှိသော်လည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကလေးသူငယ်များ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုကို တိုက်ရိုက်ထိန်းချုပ် ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက် မရှိသေးပါကြောင်း၊ သို့သော်လည်း ဥပဒေရေးရာဝန်ကြီးဌာန၏ တည်ဆဲဥပဒေများတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း၊ အရေးယူခြင်းပြုနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းထားပါကြောင်း။

Mobile Phone ကန့်သတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ်ရန်၊ အတုမြင်အတတ်သင်မကောင်းသည့် အကျင့်စရိုက်များ ကူးစက်နိုင်ခြင်း၊ အတုယူမှားခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း စသည့်ဆိုးကျိုးများအားတားမြစ်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်းဆိုသည့်အတိုင်း သင်ကြားသင်ယူမှုဖြစ်စဉ်တွင် မိဘများ၏ ပူးပေါင်းပါဝင်မှုသည် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပြောင်းလဲအောင်လုပ်ဆောင်ရာတွင် ထိရောက်စေခြင်းများကြောင့် အခြေခံပညာကျောင်း များတွင် မိဘဆရာအသင်းများကို စနစ်တကျဖွဲ့စည်းထားရှိပြီး မိဘများပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ Mobile Phone နှင့် Online Platform များကို ပညာရေးအထောက်အကူပြုနည်းလမ်းများအဖြစ် အကျိုးရှိစွာ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် ကျောင်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းအသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ Digital Safety အသိပညာပေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်း၏ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ပညာရေးဌာနပိုင်မြေပေါ်တွင် ပညာရေးဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကရင်ပြည်နယ် မြဝတီမြို့ရှိ ပညာရေးဝန်ထမ်း အိမ်ရာ ဆောက်လုပ်ခွင့်အတွက် သတ်မှတ်ခွင့်ပြုပေးထားသောမြေ ၀ ဒသမ ၁၄၄ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ရာ ပေ (၂၀ x ၂၀) နှစ်ဆောင်၌ ပညာရေးဝန်ထမ်းမိသားစု လေးစုနေထိုင်လျက်ရှိခြင်း၊ မြေအနေအထားအရ ထပ်မံဆောက်လုပ်ရန် မြေနေရာမရှိတော့ခြင်း၊ အဆိုပါဝန်ထမ်းအိမ်ရာမှာ သက်တမ်း ၁၆ နှစ်ခန့်ရှိပြီး လက်ရှိအခြေအနေတွင် အဆောက် အအုံ၏ သက်တမ်းကြာမြင့်လာ၍ ကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းပြီးမှသာ ပညာရေးဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက်ပေးနိုင်ရေး လျာထားဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

မြဝတီမြို့ရှိ ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရေးကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေ၊ မြေအနေအထားနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲနှစ်ဆောင်အား ဖျက်သိမ်း၍ ပေ (၇၀ x ၃၀) RCC နှစ်ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ဇူလိုင် ၂၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်