ရန်ကုန် ဇွန် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ စာဆိုဗိမာန်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စာဆိုဗိမာန်အဆောက်အအုံတည်ဆောက်ခဲ့မှုနှင့် အဆောက်အအုံအတွင်း စာအုပ်စာပေများ ခင်းကျင်းပြသထားမှုကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ထို့နောက် စာဆိုဗိမာန်အဆောက်အအုံအတွင်း အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုရပညာရှင်များ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းများ ခင်းကျင်းပြသထားသည့် ပြခန်း၊ နိုင်ငံတော်အဆင့်ဆုချီးမြှင့်ခဲ့မှုများ၊ စာပေဖွံ့ဖြိုးမှုဆောင်ရွက်ခဲ့မှုများ ပြခန်း၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်သမိုင်းဓာတ်ပုံများ ခင်းကျင်းပြသထားသည့် ပြခန်း၊ ဆရာဝန်တင်ရွှေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ရွှေအမြုတေစာပေဆုများ ချီးမြှင့်ခဲ့မှုများပြခန်း၊ ပခုက္ကူစာပေဆုချီးမြှင့်ခဲ့မှုမှတ်တမ်း၊ ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ခဲ့မှုမှတ်တမ်း၊ စာပေနှင့် ဆက်စပ်သော သဘင်ဆိုင်ရာခင်းကျင်းပြသထားသည့် ပြခန်း၊ စာပေနှင့် ဆက်စပ်သော ဂီတဆိုင်ရာများ ခင်းကျင်းပြသထားသည့် ပြခန်း၊ စာပေနှင့် ဆက်စပ်သောရုပ်ရှင်နှင့်ဆိုင်သော ခင်းကျင်းပြသထားသည့် ပြခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ကျောက်တံတားမြို့နယ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်နှင့် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာပေဗိမာန်စာအုပ်အရောင်းဆိုင်အတွင်း စာအုပ်များ ခင်းကျင်းပြသရောင်းချနေမှု၊ စာပေဗိမာန်စာကြည့်တိုက်အဟောင်းအတွင်း စာပေဆုရွေးချယ်ရေးအဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တစ်ချိန်က စာပေဗိမာန်အပေါ် လူငယ်များ တန်ဖိုးထားခဲ့ပြီး အသင်းဝင်များ တိုးပွားလာခဲ့ကြောင်း၊ အသင်းဝင်တိုးပွားရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စာပေဗိမာန်မှ ထုတ်ဝေသည့် စာအုပ်စာပေများသည်လည်း လူငယ်များအတွက် အကျိုးရှိသည့် စာအုပ်စာပေများဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်
