နေပြည်တော် ဇွန် ၁၉
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အသင်းခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အသက်အငယ် ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ်အားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု၊ (အမျိုးသမီး) ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုများရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်းစီကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ စီနှင့် တံခွန်စိုက် ဆုဖလားများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တောင်ကြီးမြို့ အေးသာယာမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၌ သင်တန်းသား သင်တန်းသူများလေ့ကျင့်နေမှု၊ အိပ်ဆောင်များ၊ စားရိပ်သာ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ရေကူးကန်နှင့် စာသင်ကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
