နေပြည်တော် ဇန်နဝါရီ ၂၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အဖွဲ့ (မြန်မာ) (HelpAge International Myanmar)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကျန်းမာရေး စွမ်းဆောင်ရည် မြှင့်တင်မှုစီမံချက် လုပ်ငန်းရလဒ်များ ရှင်းလင်း တင်ပြမှု အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ကောင်းမွန်တိုးတက်ခြင်းဖြင့် ပြည်သူများတွင် ရောဂါဖြစ်ပွားမှုများ လျော့နည်း ကျဆင်းလာကာ နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကူးစက်ရောဂါများ သာမက ဖြစ်ပွားမှုများပြားသည့် မကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု စီမံချက်လုပ်ငန်းများ ဆောင်ရွက် ခြင်းသည် ပြည်သူ့ကျန်းမာရေး ပညာရှင်များ၏ အရည်အသွေးကို ပိုမိုတိုးတက် ကောင်းမွန် စေမည်ဖြစ်ပါကြောင်း။
မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယခုအခါ အလေးထား ဆောင်ရွက်ခြင်း မပြုပါက နောင် (၅) နှစ်တာ ကာလအတွင်း၌ပင် ပြည်သူ့ကျန်းမာရေး ပြဿနာ ကြီးအဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ တိုးတက် ကောင်းမွန်ခြင်းဖြင့် ပြည်သူများအကြား ရောဂါဖြစ်ပွားမှုများ ကျဆင်းလာကာ ဆေးရုံ၊ ဆေးခန်း များတွင် လူနာများလည်း လျော့နည်းလာမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး သူများ အနေဖြင့်လည်း ထိုသို့နည်းပါးလာသော လူနာများကို အရည်အသွေးပိုမိုပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည် ဖြစ်ပါကြောင်း။
ထို့အပြင် ကျန်းမာရေး အသုံးစရိတ်များကိုလည်း ကျန်းမာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း များတွင် ပိုမိုအသုံးချသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် Thammasat Universityတို့ အကြား ဆရာ၊ ဆရာမများ အပြန်အလှန် ဖလှယ် သွားလာ၍ လေ့လာသင်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုပုံစံများကို အပြန်အလှန် လေ့လာနိုင်ခြင်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးများ ပိုမိုမြင့်မားလာခြင်း အကျိုးကျေးဇူးများရရှိသည် ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးများ ပိုမိုမြင့်မား လာခြင်းဖြင့် ၎င်းတို့သင်ကြားပေးမည့် သင်ယူသူများ၏ အရည်အသွေးလည်း ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း။
ထို့အပြင် စီမံချက်ပါ လုပ်ငန်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ရေရှည် ဘက်စုံဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်း၊ မကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေး အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်း၊ နာတာရှည်အဆုတ်ရောဂါ၊ စိတ်ကျန်း မာရေးနှင့် မကူးစက်တတ်သော ရောဂါများကာကွယ်ခြင်းနှင့် ကုသခြင်းစသည့် ကဏ္ဍများ အပါအဝင် မူဝါဒရေးရာ အကြံပြုချက် (၁၀) ချက်ကို ရေးဆွဲခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဝန်ကြီးဌာန တက္ကသိုလ်များမှ ဆရာ၊ဆရာမ (၁၀၀) ခန့်ကို နိုင်ငံတကာ ပညာရပ် နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခြင်းစသည့် လုပ်ငန်းများသည် ကောင်းမွန်ပါကြောင်း၊ ထိုသို့စီမံချက်လုပ်ငန်းများဖြင့် တက္ကသိုလ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများ၊ သင်ရိုးညွှန်းတမ်းများ ဆန်းစစ် မွမ်းမံခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ တက္ကသိုလ်များအကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ စသည်တို့ကို ဆောင်ရွက်ခဲ့ခြင်းသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် ရေရှည်တိုးတက်ဖွံ့ဖြိုးမှုများ ရရှိစေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးခဲ့သည့် European Union နှင့် HelpAge International အဖွဲ့တို့ကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
ထို့နောက် European Union Ambassador Mr.Kristian Schmidt က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး HealpAge International Asia Pacific Regional Office မှ Regional Director Mr. Eduardo Klien က စီမံချက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ပြောကြားသည်။
ထို့နောက် HelpAge International Myanmar မှ Country Director Mr. Godfred Paul က စီမံချက်လုပ်ငန်းများ အောင်မြင်စေရန် ပံ့ပိုးဆောင်ရွက်ခဲ့သည့် European Union Ambassador Mr. Kristian Schmidt၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော် တို့ကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာ လှလှဝင်းက ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့တွင် စီမံချက်ပါ လုပ်ငန်းများဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် European Union နှင့် HelpAge International တို့က ပံ့ပိုးပြီး ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)တွင် ဖွင့်လှစ် ဆောင်ရွက်မည့် Center for Implementation Science ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုသည်။
(သတင်းစဉ်)