Skip to main content

ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွင် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ စတင်ပြေးဆွဲမည်

နေပြည်တော် ဇွန် ၂၄

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်- နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ် (၈၃) အဆန် ရန်ကုန်-မော်လမြိုင်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

5

အထက်ပါ စတင်ပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွင် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ငွေကျပ် ၂၂၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၆၀၀၀ တို့ဖြစ်သည်။ အဆိုပါရထားသည် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၆ နာရီသာကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်သည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင်ပြေးဆွဲလျက်ရှိသော အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန် လူစီးအမြန်ရထားနှင့် ယခုပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်