Skip to main content

ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၄

ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၅ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအနီး ပြည်-ဥသျှစ်ပင်သွား ကားလမ်းတွင် ကိုကိုလွင် (ခ) ကိုကြီး မောင်းနှင်လာသော MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁၄ သိန်း ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၆ ရက် ည ၇ နာရီခွဲတွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူသန်းစိုးအား မှော်ဘီမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စိတ်ကြွဆေးပြား ၂၅၀၀၀၊ ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ ဒသမ ၂၅ သိန်း ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား အဓိကသယ်ဆောင်ခိုင်းသူမှာ မှော်ဘီမြို့နယ်အေးမေတ္တာကျေးရွာနေ ညီညီလွင် (ခ) ကိုညီ (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ငါးရံ့ချောင်းကျေးရွာနေ ဇင်ကိုလတ် (ဖမ်းဆီးရန်ကျန်) နှင့် ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာနေ မင်းခန့်စိုး (ဖမ်းဆီးရန်ကျန်) တို့မှ ပြည်မြို့တွင် တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်