Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေး

ပဲခူး ဇွန် ၃၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန ပြည်မူလတန်း ကြိုကျောင်း၌ ရင်သွေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုနှင့် ပြည်ခရိုင်ဦးစီးမှူးရုံးတို့ကို ကြည့်ရှုပြီး ကလေးငယ်များအတွက် ပဲနို့နှင့်မုန့်များ ပေးအပ်သည်။

ထို့နောက် ပြည်မြို့သရေခေတ္တရာဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့သည့် တစ်နှစ်စာစားစရိတ်ထောက်ပံ့ငွေ၊ အဝတ်အထည်ဖိုး ထောက်ပံ့ငွေနှင့် ဂေဟာမှူးလစာ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၇၄ သိန်းကျော်ကို ဂေဟာအုပ်ချုပ်ရေးမှူးနှင့် ဘိုးဘွားရိပ်သာကြီးကြပ်ရေးကော်မတီထံ ပေးအပ်သည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် သိုလှောင်ရုံ၌ ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကယ်ဆယ်ထောက်ပံ့ပစ္စည်း သိုလှောင်ထားရှိမှုနှင့် ခေတ္တရာမြေ မသန်စွမ်းကလေးများ ပြုစုပျိုးထောင်ရေးစင်တာ၌ ကလေးများအား ပြုစုလေ့ကျင့်ပေးနေမှုကိုကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်