နေပြည်တော် ဇွန် ၃၀
ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လေထုမငြိမ်မသက်မှုတို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ
