မန္တလေး ဇွန် ၃၀
ရတနာပုံတက္ကသိုလ်၌ International Girls in ICT Day 2026 အထိမ်းအမှတ် ICT Activities ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမနှင့် ICT လှုပ်ရှားမှုပြခန်းများ၌ ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက နေ့စဉ်လူမှုဘဝတွင် အိုင်စီတီနည်းပညာ၏ အခန်းကဏ္ဍ၌ အမျိုးသမီးများ နောက်ကျမကျန်ခဲ့စေရန် အိုင်စီတီနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ပိုမို အသုံးပြုလာစေရေး သတင်းအချက်အလက်များကို ဖန်တီးခြင်း၊ မျှဝေ ခြင်း၊ စုစည်းသိုလှောင်ခြင်းများကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရေး၊ အိုင်စီတီကိုအသုံးပြုပြီး Social Media များ အသုံးပြုရာတွင် လုံခြုံမှု၊ စိန်ခေါ်မှုများ အရေးကြီးလာမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများနှင့် အကျိုးရလဒ်များအကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ဘာသာရပ်အသီးသီးတွင် ခင်းကျင်းပြသထားသည့် ပိုစတာများ၊ ICT နည်းပညာနှင့် ပညာရေးအထောက်အကူပြု ICT Table Show ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်မောင်-မန္တလေး
