Skip to main content

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံ

မန္တလေး ဇူလိုင် ၁

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲမည်ဖြစ်ကြောင်း၊ ထိုစီမံချက်ရေးဆွဲနိုင်ရန် တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဝင်များက ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း၊ စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်လုံး တစ်ပြိုင်တည်းဆောင်ရွက်ရန် မလွယ်ကူသည့်အတွက် Pilot Project အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ စတင်ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌတို့က လူငယ်ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်