အမျိုးသားရေး စိတ်ဓာတ်အမွေအနှစ် မျိုးဆက်သစ်တို့ လက်ကမ်းသယ်ဆောင်

ရန်ကုန်တက္ကသိုလ်သမိုင်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေ သည်မှာ အမျိုးသားနေ့ သမိုင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန် တက္ကသိုလ် ရာပြည့်ကာလတွင် အမျိုးသားနေ့သည်လည်း နှစ်တစ်ရာပြည့်ချေပြီ။

၁၉၂၀ ပြည့်နှစ် ဇွန်လတွင် အင်္ဂလိပ်အစိုးရက ရန်ကုန် တက္ကသိုလ်ဥပဒေမူကြမ်း ကို ကြေညာ ခဲ့သည်။ မြန်မာပြည် ဒုတိယ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်နှင့် ပညာမင်းကြီး မတ်ဟန်းတို့ နှစ်ဦးရေးဆွဲခဲ့သည့် အဆိုပါ ဥပဒေမူကြမ်းအရထွက်ပေါ် လာမည့် တက္ကသိုလ်သည် မြန်မာလူမျိုးတို့ လိုလားနှစ်သက် သည့် တက္ကသိုလ်မျိုးမဟုတ်ဘဲ အုပ်စိုးသူ ကိုလိုနီအစိုးရ၏ အလိုကျတက္ကသိုလ်မျိုးဖြစ်ရာ ဥပဒေပေါ်ထွက်လာသည်နှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ ဝိုင်အမ်ဘီအေ အပါအဝင် အလားတူ အသင်းအဖွဲ့များ၊ ဥပဒေပြုကောင်စီအတွင်း အပြင်တို့ တွင်ပါ ကန့်ကွက်မှုများ ပေါ်ပေါက်လာသည်။ ။ ဥပဒေကြမ်းအရ တက္ကသိုလ်ကို မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကျောင်းသားများ လာရောက်ပညာသင်ကြားနိုင်ရန် ခက်ခဲခြင်း၊

ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် မြန်မာလူမျိုးများ လုံလောက်စွာ ပါဝင်ခွင့်ရရှိလိုခြင်း၊ တက္ကသိုလ် ဝင်ခွင့်ရရန် တစ်နှစ်ထပ်မံ သင်ကြားရမည့်အချက်ကို မနှစ်သက်ခြင်း၊ ဟိုက်စကူးဖိုင်နယ် ၁၀ တန်းအောင်မြင်သူ မည်သည့်ကျောင်းသားမဆို ဝင်ခွင့်ပြုသင့် ခြင်း၊ အမ်အေ- အမ် အက်စီ စာမေးပွဲဝင်ခွင့်စည်းကမ်းသတ်မှတ် ချက်များ ပယ်ဖျက်စေလိုခြင်းနှင့် ပညာမင်းကြီး မတ်ဟန်းတား သည် ပညာအရရာ၌ မြန်မာလူမျိုးတို့အား မတိုးတက်စေလိုသည့် အတွက် ဖိနှိပ်နေခြင်းကြောင့် ၎င်းအား မြန်မာနိုင်ငံတွင် ဆက်လက်အမှုမထမ်းစေလိုခြင်း စသည့် တောင်းဆိုမှုများနှင့် အတူ ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင်မြန်မာတို့၏ကန့်ကွက် မှုများမှာ အရာမထင်ဘဲ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ပညာမင်းကြီး မတ်ဟန်းတားက ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်းကို တင်သွင်း ခဲ့ပြီး ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က သဘောတူ၍ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘုရင်ခံချုပ်က သဘောတူပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဥပအာဏာတည် ခဲ့သည်။ နယ်ချဲ့ အစိုးရ၏လက်အောက်ခံ ကိုလိုနီနယ်မြေမှ အုပ်စိုး ခံလူမျိုးတို့၏ ဆန္ဒသဘောထားများကို လျစ်လျူရှုကာ မိမိတို့ လိုချင်သည့် ပုံစံအတိုင်း ဖြစ်စေရန်အတွက် ဥပဒေကိုအဓမ္မပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည့်အတွက် နယ်ချဲ့အစိုးရနှင့် မြန်မာ ပြည်သူလူထု အကြားထိပ်တိုက်တွေ့ဆုံရန် အကြောင်းဖန်လာသည်။ ခေါင်းငံ့ လည်စင်းခံမည့် အစား အန်တုဖက်ပြိုင်ရန် စဉ်းစားလာသည်။ ဖိနှိပ်မှုများအောက်မှ ရုန်းကြွတွန်းလှန်ရန် ပထမဆုံးအဖြစ် နိုင်ငံရေးနိုးကြားလာကြခြင်း ဖြစ်သည်။ ကျွန်နိုင်ငံဘဝ ကျရောက် ခဲ့ရသည့် ကာလတစ်လျှောက်လုံး ဆန့်ကျင်မှုများမှာ ဆက်တိ ပြောက်ကျား ရှိနေခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်ဥပဒေအရေး တွင်မူ ဦးတည်ချက်တစ်ခုတည်းအပေါ်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အုံကြွဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။

ကျွန်ပညာရေးကို ဆန့်ကျင်ပြီး အမျိုးသားပညာရေး တည်ထောင်ရန် ဦးတည်၍ မြန်မာပြည်သူ တစ်ရပ်လုံး၊ မြန်မာ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်စွာဖြင့် အင်္ဂလိပ်အစိုးရကို ပထမ ဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြခြင်းသည် နိုင်ငံရေးအနှစ်သာရ အားဖြင့် ကိုလိုနီနယ်ချဲ့တို့ကို အမျိုးသားရေးစိတ်ဓာတ်ဖြင့်

တော်လှန်တိုက်ခိုက်ခြင်း၏နိဒါန်းပင်ဖြစ်သည်။ တစ်စည်းတစ်လုံး တည်းသော အမျိုးသားရေး စိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ခြင်းအားဖြင့် နောက် ၂၈ နှစ်ကြာသောအခါ အမိ နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံဘဝသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးဘဝတွင် အမျိုးသားစိတ်ဓာတ်အမွေကို ဆက်လက်ထိန်းသိမ်းခံယူကာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်သော နိုင်ငံအဖြစ် တက်လှမ်းနိုင်ပါ စေကြောင်း ။ ။