နေပြည်တော် ဇူလိုင် ၉
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ယနေ့အစည်းအဝေးကျင်းပသည့် ရည်ရွယ်ချက်မှာ ပြီးခဲ့သည့် (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးတင်ပြချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို သိရှိသုံးသပ်နိုင်ရန်နှင့် မိမိတို့တာဝန်ယူနေသည့် အစိုးရကာလအတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို အခြားနိုင်ငံများနည်းတူ ထိထိရောက်ရောက် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ ထူးခြားသည့်ယဉ်ကျေးမှု၊ သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ပင်လယ်ကမ်းခြေ၊ ကမ်းရိုးတန်းဒေသများ၊ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စေသည့် ခရီးသွားအရင်းအမြစ်များစွာရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခရီးသွားအရင်းအမြစ်များအပေါ်မူတည်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) များသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ခရီးစဉ်ဒေသများအလိုက် DMO အဖွဲ့များကို ခိုင်ခိုင်မာမာဖွဲ့စည်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပါသည့်လေကြောင်းသယ်ယူပို့ဆောင်ရေးလွယ်ကူ ချောမွေ့စေရန်အတွက် ခရီးစဉ်ဒေသအချို့ကို လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပေး ဆွဲနိုင်ရေးနှင့် လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံကို ပြည်ပခရီးသွားများ လာရောက်လည်ပတ်ကြသည့်အခါတွင် လွယ်ကူချောမွေ့စေရေး၊ ပြေလျော့ပေးရန်အတွက် ဗီဇာကိစ္စပြေလျော့ပေးသင့်သည်များ ပြေလျော့ပေးရေး၊ လုံခြုံစိတ်ချစွာ ခရီးသွားလာရေးကိစ္စ၊ အာမခံဝယ်ယူရေးကိစ္စနှင့် ငွေကြေးသုံးစွဲမှုလုပ်ငန်းစဉ်များတွင် အဆင်ပြေအောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ ရှိရင်းစွဲထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့်လမ်းညွှန်ချက်များကို ကျော်လွန်ဆောင်ရွက်ရန်မဟုတ်ဘဲ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေ့အောင် လိုအပ်သည်များကို မိမိတို့တတ်နိုင်သည့်ဘက်မှ သုံးသပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့၏ ခရီးစဉ်ဒေသအလိုက် ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသနိုင်သည့် နေရာဒေသများ၊ ထင်ရှားသည့် (၁၂) လရာသီပွဲတော်များ၊ တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲနှင့် ရိုးရာဓလေ့ပွဲများ၊ ခရီးသွားများစိတ်ဝင်စားမှုရှိသည့် ခရီးစဉ်များကို စနစ်တကျခွဲခြားဖော်ထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် လိုအပ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်မြှင့်တင်ရေး၊ ခရီးစဉ်ဒေသအလိုက် ဝန်ဆောင်မှုအဆင့်အတန်းမြင့်မားတိုးတက်စေရေးများကို စီမံခန့်ခွဲနိုင်သည့် ယန္တရားတစ်ရပ် ဖော်ဆောင်ရေးနှင့် ဦးစားပေးခရီးစဉ်ဒေသများ သတ်မှတ်ဖော်ဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံကို ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ထိရောက်သည့် ဈေးကွက်ရှာဖွေမြှင့်တင်ခြင်းကို စနစ်တကျဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာမှခရီးသွားများအကြား မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ပိုမိုသိရှိလာစေရေး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် လုပ်ငန်းရှင်များအားလုံး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးသွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေများ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲကိစ္စရပ်များနှင့် ဗဟိုကော်မတီသို့တင်သွင်းလာသည့် အမှာစာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
